#Local_News
Published_ 21 May 2023

အမျိုးသမီး နှစ်ဦးကိုသတ်၍ အလောင်းဖျောက်ဖျက်ခဲ့သည့် စုံတွဲ တစ်တွဲကို မေလ ၂၀ ရက် က ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက် နံနက်တွင် နေအိမ်မှပျောက်ဆုံးနေသောဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ဒေါ်ညိမ်းနယ်မြေ၊သရက်တောကျောင်းလမ်း၊အမှတ်(၃)ရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ်
မသန်းသန်းမြင့် နှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က နံနက်ကပင် ပျောက်ဆုံးနေခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံမြို့နယ်၊မြို့ကုန်းကျေးရွာအုပ်စု၊ကံစုကျေးရွာတွင်နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ တို့ကို သတ်၍ အလောင်းဖျောက်ကာ လက်ဝတ်လက်စားများကို ယူထားသည့် အမှု မှ ကျူးလွန်သူများကို အထက်ပါအတိုင်း ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ် မသန်းသန်းမြင့် ပျောက်ဆုံးနေကြောင်း ခင်ပွန်းဖြစ်သူဦးထွန်းကျော်က ဒေါ်ညိမ်းနယ်မြေရဲစခန်းသို့လူပျောက်တိုင်တန်းခဲ့သည့်အတွက် ဒေါ်ညိမ်းနယ်မြေရဲစခန်းလူပျောက်အမှတ်စဉ်၂/၂၀၂၃အရအမှုဖွင့်လှစ်ကာအခင်းဖြစ်နေအိမ်စစ်ဆေးခြင်း၊မြေပုံကြမ်းရေးဆွဲခြင်း၊မှတ်တမ်းပုံရိုက်ကူးခြင်း၊ပျောက်ဆုံးသူနှင့်အတူ ပါသွားသည့် ရွှေထည်ပစ္စည်းများကိုစစ်မေးခြင်းများပြုလုပ်၍ ဒေါ်ညိမ်းနယ်မြေရဲစခန်းက (ပ)၂၇/၂၀၂၃ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂အရအမှုရေးဖွင့်စုံစမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ အသက် ၂၄ နှစ်အရွယ် မဇင်မျိုးသူ ပျောက်ဆုံးနေခဲ့ကြောင်း ဒေါ်ညိမ်းနယ်မြေရဲစခန်းသို့လာရောက်အမှုဖွင့်လှစ်ခဲ့ရာ ဒေါ်ညိမ်းနယ်မြေရဲစခန်းလူပျောက်အမှတ်စဉ်၃/၂၀၂၂ အရစုံစမ်းရှာဖွေလျက်ရှိရာ မဇင်မျိုးသူတွင်လည်း ၎င်းနှင့်အတူပါသွားသောလက်ဝတ်လက်စားများဝတ်ဆင်ထားသည့်အတွက် ယင်းပစ္စည်းများပါ ပျောက်ဆုံးကြောင်း ဒေါ်ညိမ်းနယ်မြေရဲစခန်း(ပ)၂၈/၂၀၂၃ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရအမှုရေးဖွင့်စုံစမ်းခဲ့ခြင်းကြောင်းသိရသည်။

အဆိုပါ အမှု နှစ်ခုလုံးကို စုံစမ်းနေစဉ် မသင်္ကာဖွယ်ရာ များ ဖြစ်ကြသော ဖျာပုံမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ခါးပြတ်ကျေးရွာနေသူ အသက် ၂၇ နှစ်အရွယ်ရှိ မျိုးညွန့် ဆိုသူနှင့် ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းရပ်ကွက် နေ အသက် ၃၆ နှစ်အရွယ် နန်းအေးခမ်း တို့ကို့ဖမ်းဆီးခဲ့ကြောင်းသိရသည်။

အမှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းကြရာတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်က ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ(၃)ရပ်ကွက်၊ သရက်တောကျောင်းလမ်း တွင် နေထိုင်ပြီး ဒေါ်ညိမ်းအုပ်စု၊ ခါးပြတ်ကျေးရွာအတွင်း ငါးများလိုက်လံရောင်းချနေသည့် ဒေါ်မြင့်မြင့်သန်း အား နန်းအေးခမ်းမှ ငါးဝယ်မည်ဟု ပြော၍ နေအိမ် အတွင်း ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နေအိမ်တံခါးပိတ်၍ မျိုးညွန့်မှ မမြင့်မြင့်သန်း ပါးစပ်ပိတ်ချုပ်ကိုင်ထား ပြီး နန်းအေးခမ်းက ဓါးမြှောင်ဖြင့် မမြင့်မြင့်သန်း၏ ဝမ်းဗိုက်၊ ရင်အုံနှင့် လည်ပင်းတို့ကို ထိုးသတ် ၍ ပီနံအိတ်အတွင်းထည့်သွင်းလျက် နေအိမ်နောက်ဖေးခြံဝင်းအတွင်း မြေကျင်းတူး၍ ပစ်ချမြေဖို့ မြှုပ်နှံဖျောက်ဖျက်ထားခဲ့ကြောင်း၊ ယင်းအပြင် မမြင့်မြင့်သန်း၏ ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နှင့် ရွှေနားကပ်တို့ကို ဖြုတ်ယူရောင်းချခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်၍ ယမန်နေ့ မေလ ၂၀ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်က အလောင်းကို ပြန်လည် တူးဖော်ခဲ့ကြောင်း သိရသည်။

အလောင်းပြန်လည် တူးဖော်ရာတွင်ဖျာပုံမြို့နယ်တွဲဘက်တရားသူကြီး(၂)၊ ဒေါ်ခိုင်မွန်အောင်၊ ဒေါ်ညိမ်း တိုက်နယ်ဆရာဝန် ဒေါက်တာငုဝါနိုင်၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ယာယီရဲမှူး ဌေးနိုင်ဦး၊ ဖျာပုံမြို့ နယ်ထွေအုပ် ဒုဦးစီးမှူး ဦးသီဟန်ထွန်းနှင့်သက်သေ ဒေါ်ညိမ်းကျေးရွာနေ ရာအိမ်မှူး ၊ ခါးပြတ်ကျေးရွာတာဝန်ခံတို့ပါဝင်ခဲ့ကြကြောင်း သိရသည်။

တူးဖော်စစ်ဆေးခဲ့ရာ မမြင့်မြင့်သန်း၏ အလောင်းကို ပီနံအိတ်အတွင်း ထည့်သွင်းထားကြောင်း၊လည်ပင်းထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ကို စစ်ဆေး တွေ့ရှိရကြောင်း သက်သေ ဦးထွန်းကျော်မှ အလောင်းကို ၎င်း၏ ဇနီး ဒေါ်မြင့်မြင့်သန်းဖြစ်ကြောင်းအတည်ပြုခဲ့ကြောင်း သိရသည်။

ယင်းကြောင့် မျိုးညွန့်နှင့်နန်းအေးခမ်းတိုနှစ်ဦးကို ဒေါ်ညိမ်းနယ်မြေရဲစခန်း(ပ)၂၇/၂၀၂၃ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၂/၂၀၁/၃၄အရအမှုဖွင့်လှစ်စစ်ဆေးနေကြောင်းသိရသည်။

အလားတူ ပျောက်ဆုံးနေသော မဇင်မျိုးသူ အမှု နှင့် ပတ်သက်၍ မျိုးညွန့် ဆိုသူနှင့် မဇင်မျိုးသူ တို့မှာ သမီးရည်းစားဖြစ်ခဲ့ကြောင်း၊၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က ဒေါ်ညိမ်းနယ်မြေ၊အေးကုန်းကျေးရွာသချိုင်းအနီးချိန်းတွေ့ကြကြောင်း၊နန်းအေးခမ်း က မျိုးညွန့်၏အမအဖြစ်ဟန်ဆောင်ကာလူစောင့်ကြည့်ပေးရန်မနီးမဝေးတွင်ရှိနေကြောင်း၊၎င်းနောက်နန်းအေးခမ်းကမျိုးညွန့်ကိုမျက်စိတစ်ဖက်မှိတ်ပြစဉ်မျိုးညွန့်ကမဇင်မျိုးသူ၏ပါးစပ်ကိုလက်နှင့်ပိတ်ကာသိုင်းချုပ်ထားပြီးနန်းအေးခမ်းကအသင့်ယူဆောင်လာသည့်ဓားမြှောင်နှင့်မဇင်မျိုးသူ၏လည်ပင်း၊ရင်အုံနှင့်ဝမ်းဗိုက်တို့ကိုထိုးသတ်ခဲ့ကြောင်း၊မဇင်မျိုးသူ၏အလောင်းကိုအနီးရှိမြေကျင်းအဟောင်းသို့ပစ်ချမြှပ်နှံကာမဇင်မျိုးသူဝတ်ဆင်ခဲ့သောရွှေဆွဲကြိုးနှင့်ရွှေနားကပ်တို့ကိုဖြုတ်ယူခဲ့ကြောင်း၊စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းလည်း သိရသည်။

ယင်းကြောင့် ယမန်နေ့ မေလ ၂၀ ရက် ညနေ ပိုင်းတွင် ဖျာပုံမြို့နယ်တရားသူကြီး(၂)၊ဒေါ်ညိမ်းတိုက်နယ်ဆရာဝန်၊မြို့နယ်ရဲတပ်ဖွဲ့မှုး၊မြို့နယ်ထွေအုပ်ဒုဦးစီး၊စခန်းမှုးနှင့်သက်သေအချို့လိုက်ပါလျက်မဇင်မျိုးသူ၏အလောင်းကိုတူးဖော်ရာအလောင်းမှာယိရွဲပုပ်ပွနေကြောင်း၊လည်ပင်းအရှေ့မှနောက်အထိထိုးသွင်းဒဏ်ရာများတွေ့ရကြောင်း၊ သွားတက်နှင့်အနီရောင်ကတီပါညှပ်ဖိနပ်နှင့်ဝတ်ဆင်ထားသောအဝတ်ကိုမှတ်မိသဖြင့် မဇင်မျိုးသူဖြစ်ကြောင်းအတည်ပြုကာ လူသတ်ပြီးအလောင်းဖျောက်ဖျက်ကာရွှေထည်ပစ္စည်းများယူဆောင်သူမျိုးညွန့်နှင့်နန်းအေးခမ်းတို့ကိုဥပဒေအရအရေးယူပေးပါရန်တိုင်တန်းခဲ့ကြောင်းသိရသည်။

ယခုအခါ ဒေါ်ညိမ်းနယ်မြေရဲစခန်းတွင် (ပ)၂၈/၂၀၂၃ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂/၃၉၂/၂၀၁/၃၄အရအမှုရေးဖွင့်ကာအမှုစစ်က တရားလိုနှင့် သက်သေများစစ်ဆေးခြင်း၊ သက်သေခံ ပစ္စည်းသိမ်းဆည်းရန်ဆောင်ရွက်ခြင်း၊ အလောင်းတူးဖော်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ယူခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးခြင်းမြပုံကြမ်း ဆွဲခြင်း ပြုလုပ်ကာ အမြန်စွဲတင်ပို့သွားရန် လုပ်ဆောင်နေကြကြောင်း သိရသည်။
ymg/pl
Yangon_Media_Group