Published 21May 2023

မြန်မာနိုင်ငံရဲ့ မိုခါ ဆိုင်ကလုန်းဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် အာဆီယံအဖွဲ့ကြီးရဲ့ ပထမဦးဆုံးသော အရေးပေါ်တုန့်ပြန် အကူအညီတွေဟာ မြန်မာနိုင်ငံကို လေယာဉ်နှင့်ရောက်ရှိလာမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောတယ်လို့ ခမာတိုင်းမ်သတင်းဌာနက သတင်းဖော်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဆိုပါသတင်းထုတ်ပြန်ချက်မှာ အကူအညီတွေအားလုံးပြင်ဆင်ပြီးဖြစ်လို့ အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်အရေးပေါ်ထောက်ပို့စနစ်အောက်က သိုလှောင်ရုံတွေထဲ အဆင်သင့်ရှိနေပြီလို့ဖော်ပြထားပါတယ်။ အဆိုပါသိုလှောင်ရုံတွေထဲမှာ မလေးရှားနိုင်ငံ ဆူဘန်နှင့် ထိုင်းနိုင်ငံ ချိုင်နတ်တို့လည်းပါဝင်ပါတယ်။

“ နောက်ထပ်အကူအညီတွေကို မေ၂၂ ဒါမှမဟုတ် ၂၃မှာ အင်ဒိုနီးရှား၊စင်္ကာပူနှင့် ထိုင်းစစ်တပ်တွေရဲ့ စစ်လေယာဉ်တွေနှင့် ပေးပို့မှာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူသားချင်းဆိုင်ရာအကူအညီနှင့် ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအကူအညီတွေကို အာဆီယံတပ်မတော်  အဆင်သင့်အုပ်စုကနေတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်လေယာဉ်တွေအသုံးပြုပေးပို့သွားမှာဖြစ်တယ်လို့ လည်းသိရပါတယ်။

ဒီကူညီမှုဟာ အာဆီယံ၂၀၂၃ရဲ့ ဥက္ကဋ္ဌအနေနှင့် အင်ဒိုနီးရှားရဲ့ကတိကဝတ်နှင့်ညီညွတ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ “ တစ်ခုတည်းသောအာဆီယံ၊တစ်ခုတည်းသောတုန့်ပြန်မှု” ဆိုတဲ့ချည်းကပ်မှုကနေတစ်ဆင့်  မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ ဆန္ဒတွေကို ဆောင်ကြဉ်းတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဆီယံလူသာချင်းစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ညိနှိုင်းဆောင်ရွက်ရေးစင်တာ ((AHA Centre) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အင်ဒိုနီးရှား၊ဘရူးနိုင်း၊ဖိလစ်ပိုင်၊စင်္ကာပူနှင့်ထိုင်နိုင်ငံတို့က ကိုယ်စားလှယ်တွေဟာ အာဆီယံ အရေပေါ်တုန့်ပြန်မှုနှင့် အကဲဖြတ်အဖွဲ့(ASEAN-ERAT) ၊အာဆီယံ အတွင်းရေးမှူးအဖွဲ့တို့ဟာ အရေးပေါ်တုန့်ပြန်မှုတွေဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီလို့လည်း သတင်းမှာဖော်ပြထားပါတယ်။

သူတို့ဟာ မြေပြင်မှာ သတင်းအချက်အလက်တွေကောက်ယူနေပြီး လက်ငင်းအမြန်လိုအပ်တာတွေဘာတွေလဲဆိုတာ အကဲဖြတ်နေကြတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

#YangonMediaGroup

#Myanmar_Mocha_Cyclone

#မြန်မာ_မိုခါ_ဆိုင်ကလုန်း_အာဆီယံ