#Local_News
Published_ 21 May 2023

ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ခွင့်ပြုမြေများကို ပြည့်ပြည့်၀၀ အသုံးချရရန် နစက ဥက္ကဌက မေလ ၂၀ ရက်တွင် သွားရောက်ခဲ့သော ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

ဇုန်အတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေများကို ပြည့်ဝစွာစိုက်ပျိုးမွေးမြူရန်နှင့် စိုက်ပျိုးမွေးမြူရေးနှင့် မသက်ဆိုင်သည့်မြေအသုံးချမှုများမရှိစေရေး တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက စီးပွားရေးလုပ်ကိုင်သူများအနေဖြင့် နိုင်ငံတော်မှ ခွင့်ပြုပေးထားသည့်စိုက်ပျိုးမွေးမြူရေးမြေနေရာများပေါ်တွင် အမှန်တကယ် စိုက်ပျိုးမွေးမြူမှုများ ဆောင်ရွက်စေရေး စည်းကမ်းနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး မြေများကို အကျိုးရှိရှိအသုံးချရာတွင် မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီစိုက်ပျိုးရေးစနစ်များကို အသုံးချ၍ ကျစ်ကျစ်လစ်လစ်ဖြင့်ပြည့်ဝစွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးနိုင်မှသာရန်ကုန်တိုင်းဒေသကြီးအတွက်ဖူလုံနိုင်မည်ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။

ယင်းအပြင် ဇုန်အတွင်းရှိ ကုန်ထုတ်လမ်းများကိုလည်းစနစ်တကျရှိစေရေး ဆောင်ရွက်သွား ရန်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးတိရစ္ဆာန်အစာများကို ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြင့် လုံလောက်စွာထုတ်လုပ်နိုင်ရန်၊ ကြက်သားပေါက်များကိုလည်း ဒေသတွင်းလုံလောက်စွာထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာသတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ရန်တို့ကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ အနေဖြင့် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန်အတွင်း ခေတ်မီမွေးမြူရေးစနစ်ဖြင့် မွေးမြူထားရှိသည့် ပုဂ္ဂလိက ဥစားကြက်မွေးမြူရေးခြံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် မွေးမြူထားရှိသည့်ဆိတ်မွေးမြူရေးခြံနှင့် စိုက်ပျိုးခြံများကို သွားရောက်ကြည်ရှုစစ်ဆေးကာ ဟင်းသီးဟင်းရွက်လက်ကားဈေး၊ ဈေးရုံအမှတ်(၂)၌ ဒေသခံပြည်သူများ ဟင်းသီးဟင်းရွက်ရောင်းချနေမှုများကို ကြည်ရှုအားပေးခဲ့ကြောင်းသိရသည်။
ymg/pl
#YMG #Yangon_Media_Group