#Local_News
Published_ 21 May 2023

အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)"မိုခါ" (MOCHA)ဝင်ရောက်မှုကြောင့် သဘာဝဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ စားရေရိက္ခာများ ပြတ်လပ်မှုမရှိစေရေးလုပ်ဆောင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

မေလ ၂၀ ရက် ပြုလုပ်သော သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန် လည်ထူထောင်ရေးလုပ်ငန်းများ ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေး အတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နစက ဥက္ကဌက သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများအနက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နှင့်ရသေ့တောင်မြို့တို့တွင် ပျက်စီးမှုအများဆုံးဖြစ်ပြီး လူထိခိုက်မှုများလည်းရှိကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့လိုက်ပြန့်ကျဲနေခြင်းမျိုး မဖြစ်စေရန်နှင့် အမှန်တကယ်လိုအပ်သည့်နေရာများ မကျန်ရှိစေရန် နေ့စဉ် ဆွေးနွေးပွဲပြုလုပ်၍ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောသည်။

ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်မှုများကိုလည်း စနစ်တကျဖြင့် မှတ်ပုံ တင်ကာ ဆောင်ရွက်ရန်၊ အဓိကလိုအပ်သည်မှာ သဘာဝဘေးဒဏ်ခံခဲ့ရသည့်ဒေသများ၌ စားရေရိက္ခာများ ပြတ်လပ်မှုမရှိစေရေးနှင့် ဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေး ကနဦး ဦးစားပေးဆောင်ရွက်ပေးရန်၊လမ်းပန်းဆက်သွယ်ရေး ယခင်အတိုင်း ဖြစ်စေရေးအတွက်လည်း လမ်းကြောင်းများ၌ ပိတ်ဆို့လျက်ရှိသည့် သစ်ပင်၊ သစ်ကိုင်းများကို စနစ်တကျဖယ်ရှားရှင်းလင်းရန်နှင့် ရှင်းလင်းရာမှ ရရှိလာသည် သစ်ပင်ကြီးများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

ယင်းအပြင် အရိပ်ရလေကာပင်များသည် မိမိတို့၏ ပတ်ဝန်းကျင်နှင့် လိုအပ်သည်ဖြစ်သော်လည်း လူနေအိမ်များအနီးနှင့် ဓာတ်တိုင်၊ ဓာတ်ကြိုးများနှင့် လွတ်ကင်းမှုမရှိသည့်သက်တမ်းရင့် သစ်ပင်ကြီးများကိုမူ ဘေးအန္တရာယ်မရှိစေရေး . ကြိုတင်ရှင်းလင်းထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်မှကာကွယ်ပေးနိုင်သည့် အုန်းပင်များနှင့် လမုပင်များကို ကမ်းစပ်တစ်လျှောက်နှင့် ကမ်းရိုးတန်းဒေသများအတွင်း အရေအတွက်များများ စိုက်ပျိုးထားရှိရန် ၊ သဘာဝဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ သစ်ပင်ကြီးမျိုးများ ပြန်လည်စိုက်ပျိုးနိုင်ရေး နှစ်နှစ်နှင့် အထက်၊ နှစ်ပေအထက်အပင်များကို အရေအတွက်အများအပြား ပို့ဆောင်ပေးရန်၊ အုန်းပင်နှင့်လမုပင်များကိုလည်း မြို့ပတ်လည်နှင့် လေကြောင်းသင့်သည်နေရာများတွင် အဓိက ထားစိုက်ပျိုးသွားရန် ပြောကြားခဲ့သည်။

သဘာဝဘေးဒဏ်သင့်ဒေသများသို့ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ ထောက်ပံ့ပေးအပ်လျက်ရှိပြီး မကြာမီတွင် ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက်လေဆိပ်များတွင် Conveyor များ ထားရှိဆောင်ရွက်သွားရန်လိုကြောင်းလည်း ယင်းက ဆိုသည်။

ကျန်းမာရေး စောင့်ရှောက်မှု များဆောင်ရွက်ပေးလျက်ရှိသည့် နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့် အထူးဆေးကုသရေးအဖွဲ့များ အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အပြည့်အဝ ဆောင်ရွက်ပေးသွားရန်၊လိုအပ်သည့် ဆေးဝါးပစ္စည်းများကိုလည်း ဖြည့်တင်းဆောင်ရွက်ပေးသွားရန်၊ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို မိုးမကျမီ အတွင်း လူအင်အား၊ စက်ယန္တရားအင်အားသုံး၍ လုပ်ငန်းတွင်ကျယ်မှုရှိအောင် ဆောင်ရွက်သွားရန်၊ ဆောက်လုပ်ရေးသုံး သစ်ခွဲသားများကို ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်း၌ လိုအပ်သည့် သစ်ခွဲသားများထုတ်လုပ်နိုင်ရန်လည်း နစက ဥက္ကဌက ပြောသည်။

အလားတူ သဘာဝဘေးအန္တရာယ် ခိုလှုံရာ Shelter များကိုလည်း ထပ်မံဆောက်လုပ်ပေးရန်၊သဘာဝဘေးအန္တရာယ်မကျရောက်မီ Shelter များ ဆောက်လုပ်ပြီးရွှေ့ပြောင်းပေးခဲ့ခြင်းကြောင့်လည်း ယခုကဲ့သို့ သေဆုံးမှုရာခိုင်နှုန်း နည်းပါးခဲ့ရခြင်းဖြစ်၍ ထပ်မံဆောက်လုပ်ရာတွင် ခိုလှုံရေး၊ ပညာသင်ကြားရေး စသောMultipurpose အသုံးပြုနိုင်သည့် Shelter များအထိ ရေရှည်စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#YMG #Yangon_Media_Group