Published 27 October 2021

 

အာဆီယံခေါင်းဆောင်တွေက အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကကိုယ်စားလှယ်မစေလွှတ်ခဲ့တဲ့ အပေါ် ဝေဖန်ပြောကြားခဲ့ပြီးနောက် အာဆီယံကို သပိတ်မှောက်တာမဟုတ်ဘူးလို့ မြန်မာက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးတွေကို နိုင်ငံ့အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးအဆင့် တက်ရောက်ခွင့် မရရှိသောကြောင့် မတက်ရောက် နိုင်ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသောသဘောဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်းမဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ်မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ရရှိသင့်သည့်အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုတဲ့ သဘောထားကိုပြသခြင်းဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက အမြဲတမ်းအတွင်းဝန်တစ် ဦးချမ်းအေးကို အာဆီယံထိပ်သီးအစည်းအဝေးသို့ စေလွှတ်ခြင်းမရှိခဲ့ခြင်းအပေါ် အာဆီယံခေါင်းဆောင်များက ဝေဖန်ခဲ့ရာမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က အခုဆို အာဆီယံအနုတ်၁ အခြေအနေဖြစ်သွားရတယ်လို့ ပြောဆိုခဲ့ပြီး အာဆီယံရဲ့မူဘောင်ကနေ မြန်မာကိုထုတ်ပစ်ခဲ့ခြင်းမဟုတ်ဘဲ မြန်မာကသာ မိမိရဲ့ရပိုင်ခွင့်ကို လက်လွှတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ဖို့ မြန်မာကိုတိုက်တွန်းခဲ့ပါတယ်လို့ပြောကြောင်း အေဂျင်စီသတင်းများတွင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဌာနရဲ အောက်တိုဘာ ၂၆ရက်ညပိုင်းကထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့်အချိန်မှစ၍ အာဆီယံပဋိညာဉ် စာတမ်းပါ မူ နှင့်လုပ်ထုံးလုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက်အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့်အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

(ထုတ်ပြန်ချက်အပြည့်အစုံကိုပူးတွဲဖော်ပြထားပါတယ်)