#Local_News
Published_ 19 May 2023

လာမည့် ဇွန်လ ၁ ရက်တွင် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ကျောင်းများအနက် အထက်တန်းကျောင်းများကို ဦးစားပေးအဖြစ် အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

မေလ ၁၈ ရက်က ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင် ရေးဆိုင်ရာ အစည်းအဝေးတွင် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မေလ ၁၈ ရက် မွန်းလွဲပိုင်းထိရရှိသော စာရင်းများအရ စာသင်ကျောင်း ၁၃၉၇ ကျောင်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်း စာသင် ကျောင်း ၃ ကျောင်း၊ ချင်းပြည်နယ်အတွင်း စာသင် ကျောင်း ၁ ကျောင်း၊ မွန်ပြည်နယ် အတွင်း စာသင်ကျောင်း ၁ ကျောင်း၊ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်း ၁၃၅၂ လုံး၊ရန်ကုန်တိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၇ ကျောင်း၊ ရှမ်းပြည်နယ်အတွင်း စာသင်ကျောင်း ၁ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း ၃၂ ကျောင်း တို့ ဖြစ်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ သည့် နေရာများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသင့်ပြင်ဆင် စုဖွဲ့ ထားရှိသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ များနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ymg/pl
#Local_News #မုန်တိုင်း #စာသင်ကျောင်းများ #အထက်တန်းကျောင်းများ #အမြန်ဆုံးပြုပြင်ရန်လုပ်ဆောင်
#YMG #Yangon_Media_Group