#Local_News
Published_ 19 May 2023

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန အပါအဝင် ပညာရေးနှင့်ဆက်စပ်နေသည့် ဝန်ကြီးဌာနများအတွက် ပညာရေးအသုံးစရိတ် စုစု ပေါင်း ၃၁၄၆ ဒသမ ၁၄၉ ဘီလီယံကို ခွင့်ပြုထားကြောင်း မေလ ၁၈ ရက် က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၃) ဖွင့်ပွဲအခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့သည်။

အဆိုပါခွင့်ပြုပေးထားသည့် ပညာရေးအသုံးစရိတ်သည် ပြည်ထောင်စုအသုံးစရိတ်၏ ၉ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် ဂျီဒီပီ၏ ၂ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း၊ နစက တာဝန်ယူခဲ့သည့် ၂ နှစ်တာကာ လအတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလကစတင်ပြီး သင်ကြားရေးဆရာ ဆရာမများအား ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများပေးအပ်ခဲ့ရာတွင် ပါရဂူဘွဲ့အတွက် သုံး သောင်းကျပ်နှုန်း၊ မဟာဘွဲ့အတွက် နှစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် ဘွဲ့လွန် ဒီပလိုမာအတွက် တစ်သောင်းကျပ်နှုန်းဖြင့် လစဉ်ချီးမြှင့်ပေးအပ်လျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်က စတင်၍ အုပ်ချုပ်မှုစရိတ်အဖြစ် တက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် မူလတန်း၊ အလယ် တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများအား ကနဦးလစာ၏ ၁၀ ရာခိုင်နှုန်းကို လစဉ်ထပ်ဆောင်း ချီးမြှင့်ပေးအပ်လျက် ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး တိုင်းရင်းသား နေ့စားလပေး သင်ကြားရေးအထောက်အကူပြု ဆရာ (Teaching Assistant) များအား မူလက တစ်လလျှင် ကိုးသောင်းခြောက်ထောင်ကျပ်မှ တစ်သိန်း သုံးသောင်းကျပ်ကိုလည်းကောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ (Language Teacher)များအား ပုတ်ပြတ်တစ်လလျှင် သုံးသောင်းကျပ်နှုန်းမှ ခြောက် သောင်းကျပ်ကိုလည်းကောင်း တိုးမြှင့်ပြီးလစဉ်ချီးမြှင့်ပေးအပ်လျက်ရှိကြောင်းလည်း ယင်းကဆိုသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လကစတင်၍ အိမ်ငှားစရိတ်အဖြစ် လူပျို၊ အပျိုများအတွက် မူရင်းလစာ၏ ၄ ရာခိုင်နှုန်းနှင့် အိမ်ထောင်သည်များအတွက် မူရင်းလစာ၏ ၈ ရာခိုင် နှုန်း၊၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ဝတ်စုံစရိတ်အဖြစ် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် တစ်ဦးလျှင်သုံးသောင်းကျပ် ထောက်ပံ့ လျက်ရှိကြောင်းလည်း သိရသည်။

ထို့ပြင် ထိရောက်သည့် သင်ကြားသင်ယူမှုမြှင့်တင်နိုင်ဖို့အတွက် ဆရာကျောင်း သားအချိုးမျှတရန်လိုအပ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာနတွင် ဆရာဆရာမ အသစ်များကိုခန့်ထားပေးခဲ့ရာ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမပေါင်း ၁၃၉၀၃ ဦး၊ တက္ကသိုလ်နည်းပြ၊ သရုပ်ပြ ၅၈၉၉ ဦးနှင့် ပညာရေးဒီဂရီ ကောလိပ် နည်းပြ၊ သရုပ်ပြ ၃၃၃ ဦး၊၊ အခြားဝန်ကြီးဌာန များက ကျောင်းအသီးသီးတွင်လည်း ဆရာ၊ ဆရာမ ၇၅၃၇ ဦး ခန့်အပ်ခဲ့ကြောင်း၊ယခင်က ပညာရေးတက္ကသိုလ် နှစ်ခုမှာသာဖွင့်လှစ်ခဲ့သည့် ဘီအီးဒီ (စာပေးစာယူ) ဘွဲ့သင်တန်းကို ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် တစ်နှစ်လျှင် နှစ်သုတ်နှုန်း ဖြင့် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်းလည်း နစက ဥက္ကဌက ပြောသည်။

အရည်အသွေးရှိသည့် ပညာရေးကို သင်ကြားနိုင်ခွင့်ရရှိရန်နှင့် သင်ကြား သင်ယူမှုဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန်အတွက် အခြေခံပညာကဏ္ဍတွင် စာသင်ဆောင်အသစ် ၅၈၃၅ ဆောင်၊ စာကြည့်တိုက် ၁၂၅ ဆောင်၊ အဆင့်မြင့် ပညာကဏ္ဍ တက္ကသိုလ်များမှာ စာသင်ဆောင်အသစ် ၂၁ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၂၂ ဆောင်၊ ဆရာ ဆရာမအဆောင် ၃ ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ ၃ ခု၊ သုတေသနစင်တာ ၅ ခု၊ စာကြည့်တိုက် ၃ ခု၊ အားကစားရုံ ၁ ရုံနဲ့ ပညာရေးဒီဂရီကောလိပ်များမှာ စာသင်ဆောင်အသစ် ၂၃ ဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင် ၄၀ ၊ ဝန်ထမ်းအိမ်ရာ ၂၇ ခု၊ စာကြည့်တိုက် ၁ ခု၊ အားကစားရုံ ၂ ရုံတို့ဆောက်လုပ်ပေးခဲ့သည့်အပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကျောင်းတိုင်းတွင် သင်ထောက်ကူ ပစ္စည်း၊ စက်ပစ္စည်း၊ ပရိဘောဂ၊ ဓာတ်ခွဲခန်းသုံးပစ္စည်း၊ ရည်ညွှန်း စာအုပ်များကို ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ အခြားဝန်ကြီးဌာနများမှ ကျောင်းအသီးသီး တွင် အဆောက်အဦ ၁၄၈ လုံးဆောက်လုပ်ပေးနိုင်ခဲ့ကြောင်းလည်း ပညာရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယခုကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၃) တွင် ဝန်ကြီးဌာနပေါင်းစုံမှ ပညာရှင်များက အနာဂတ်မြန်မာ့ပညာရေး ပိုမိုကောင်းမွန် စေရေးအတွက် ရှုထောင့်စုံမှရင်းနှီးပွင့်လင်းစွာ သုံးသပ်ဆွေးနွေးကြရန်လည်း နစက ဥက္ကဌက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ymg/pl
#Local_News #၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် #ပညာရေးအသုံးစရိတ် #နစကဥက္ကဌ
#YMG #Yangon_Media_Group