#Local_News
Published-11 May 2023

လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် အပစ်ခံရ၍ အရပ်သား၅ ဦး သေ၊ ၁ ဦး ဒဏ်ရာရပြီး လူနေအိမ် ၇လုံး မီးလောင်မှု ရွှေဘိုမြို့နယ်အတွင်း မေလ ၉ ရက် နံနက် ၅ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအတွင်းသို့ PDF များက ကျေးရွာအနီး မူးဘောင်လမ်းမှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းသို့ ဝင်ရောက်လာကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီး၍ အရပ်သားပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကောင်းထက်ဇင်၏ နေအိမ်ပါ လူနေအိမ် ၇ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာခံအရပ်သား အမျိုးသား ၅ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ကျောက်လုံးကြီး (KLG) PDF က ဇီးဖြူကုန်းရွာကို KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ ဒေါင်းလုလင် LPDF၊ Spring Guerrilla Platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင်များက ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

 

#ymg/pl #Local_News #လက်လုပ်စိန်ပြောင်း #လူနေအိမ် ၇လုံး မီးလောင်
#YMG #Yangon_Media_Group