#Local_News
Published_ 11 May 2023

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာရှိ ရွှေနန်းခိုင်ကျောင်း၌ တစ်ပါးတည်း သတင်းသုံးနေထိုင်သောဆရာတော်ကြီးတစ်ပါးအား ဓားဖြင့်ခုတ်၍ ဖုန်းနှင့် ငွေလုယူသွားသူများကို ဖမ်းမိပြီဖြစ်ကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

 

"ဖမ်းမိပြီ၊ ဟုတ်တယ်၊ မေလ ၆ ရက်နေ့ကပဲ၊ ဆရာတော်ကို အဲလိုလုပ်သွားတဲ့သူတွေက ဂွမြို့ ကပဲ၊ လက်ရှိကတော့ ဂွမြို့မြို့မရပ်ကွက်ကပြူးကျယ်နဲ့ နောက် ၂ ယောက်ကိုမိထားတယ်။ဒါပေမဲ့ ဒီကိစ္စကို ဦးဆောင်တဲ့ အဓိက လူကတော့ ထွက်ပြေးနေတယ်။ သူ့နာမည်က မြင့်ဇော်တဲ့၊လူငယ်လိုပဲ ပြောရမှာပေါ့။ အသက် ၃၀ နဲ့ ၃၀ ကျော် အရွယ်တွေက ဒါကို ကျူးလွန်ကြတာ"ဟု အဆိုပါ နီးစပ်သူတစ်ဦးက ပြောသည်။

 

ဆရာတော်မှာ ရွှေနန်းခိုင်ဘုရားတောင်ပေါ်၌ တစ်ပါးတည်းသတင်းသုံးနေသည့် သက်တော် ၈၄ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဦးကဝိန္ဒ(ခေါ်) ရွှေနန်းခိုင်ဆရာတော် ဖြစ်ပြီး မေလ ၂ ရက်၊ နံနက် ၃ နာရီခန့်တွင် ဦးခေါင်းကို ဓားဖြင့်ခုတ်ခံရကာ ငွေကျပ် ၁၅ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး လုယူခံခဲ့ရခြင်းဖြစ်သည်။

 

ဆရာတော်ကြီးဒဏ်ရာမှာ ပြင်းထန်သောကြောင့် ဂွမြို့ပြည်သူ့ဆေးရုံက သံတွဲပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသနေရခြင်းဖြစ်ပြီး ယခုအခါ သက်သာလာပြီဖြစ်ကြောင်း သိရသည်။

 

#ymg/pl #Local_News #ဆရာတော်တစ်ပါးအားဓားဖြင့်ခုတ်
#YMG #Yangon_Media_Group