#Local_News
Published_ 29 April 2023


ပဲခူးမြစ်ကူး၊ သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်း ၇၆ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေးလျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူး၊ သန်လျင်တံတား အမှတ် (၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

 

ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်အား စက်လှေများဖြင့် ဖြတ်သန်း၍ Cable Stay Main Tower အမှတ် (၁) ဖြစ်သော ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု၊ P16,P17,P18,P19 နှင့် P20 တို့တွင် လွန်းထိုးခြင်း(Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှုတို့ကို စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းဖို့ မှာကြားပါတယ်။

 

ယင်းနောက် သာကေတဘက်ခြမ်းလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးကျော်ကောင်းချိုက တံတားဆိုင်ရာ အချက်အလက်များ၊ တံတားကြီးပြီးစီးပါက ရရှိလာမည့်အကျိုးကျေးဇူးများ၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များ ကိုရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ်ဦးခင်မောင်ဆွေကဖြည့်စွက် ရှင်းလင်းပါတယ်။

 

တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်ရေးသည် အဓိကတာဝန်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန်လိုကြောင်း၊ တည်ဆောက်ရေးအပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကိုဌာနရှိ ဝန်ထမ်းဖြင့် တိုးတက်အောင်ဆောင်ရွက်ဖို့ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

ပဲခူးမြစ်ကူး၊ သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလတွင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း သက်သာလာမှာ ဖြစ်ပါတယ်။

 

#ygm_mnn #Local_News #သန်လျင်တံတား အမှတ် (၃) #၇၆ ရာခိုင်နှုန်းပြီးစီး
#YMG #Yangon_Media_Group