#Local_News
Published _24 April 2023

 

ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023 အောက်မြန်မာပြည်ဇုန် ခြေစစ်ပွဲစဉ်များကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ယင်းခြေစစ်ပွဲစဉ်များကို ယနေ့ ဧပြီလ ၂၄ရက် နံနက်ပိုင်းက အမျိုးသားအကယ်ဒမီ (ရန်ကုန်) လေ့ကျင့်ရေးကွင်းတွင် စတင်ကျင်းပခဲ့ရာ တောင်ဇလပ်မြေ အသင်းက ရွှေပြည်သာ အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်းလူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင် မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်လမ်းညွှန်ချက်များအတိုင်း အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ( FIFA-MFF U15 Youth League 2023) ကို ကျင်းပရန်စီစဉ်နေခြင်းဖြစ်သည်။

 

အဆိုပါပြိုင်ပွဲတွင် စုစုပေါင်း အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အထက်မြန်မာပြည်ဇုန်( မန္တလေး)တွင် မန္တလေးတိုင်းဒေသကြီးမှ ၂ သင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၂ သင်း၊ မကွေးတိုင်း ဒေသကြီးမှ ၁ သင်း၊ နေပြည်တော်ကောင်စီမှ ၁ သင်း၊ ရှမ်းပြည်နယ်မှ ၃ သင်း၊ ချင်းပြည်နယ်မှ ၁ သင်း၊ ကယားပြည်နယ်မှ ၁ သင်း၊ ကချင်ပြည်နယ်မှ ၁ သင်း၊ အောက်မြန်မာပြည်ဇုန် (ရန်ကုန်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ၃ သင်း၊ ပဲခူးတိုင်း ဒေသကြီးမှ ၂ သင်း၊ ဧရာဝတီတိုင်း ဒေသကြီး(ပုသိမ်)မှ ၂ သင်း၊ တနင်္သာရီ တိုင်းဒေသကြီးမှ ၁ သင်း၊ မွန်ပြည်နယ်မှ ၂ သင်း၊ ရခိုင်ပြည်နယ်မှ ၁ သင်း၊ ကရင်ပြည်နယ်မှ ၁ သင်း ပါ ဝင်မည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြိုင်ပွဲဝင်လိုသည့် အသင်းအရေအတွက် သတ်မှတ်ထက် ပိုမိုနေပါက ခြေစစ်ပွဲ ကစားစေမည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးမှ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းအရေအတွက် ၅ သင်းဖြစ်နေသဖြင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရခြင်း ဖြစ်ကြောင်း ၊ရန်ကုန်တိုင်းဒေသကြီးမှ ခြေစစ်ပွဲဝင် အသင်း ၅ သင်းမှာ Royal Yangon FC၊ တောင်ဇလပ်မြေ အက်ဖ်စီ၊ Prestige FC၊ ရန်ကုန်လူငယ် (အား/ကာ)နှင့် ရွှေပြည်သာ အက်ဖ်စီ အသင်းတို့ဖြစ်ပြီး ၃ သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်း ဒေသကြီးအတွက် ခြေစစ်ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

 

#ymg/pl #Local_News #ယူ-၁၅ လိဂ် FIFA-MFF U15 Youth League 2023
#YMG #Yangon _Media_Group