Published 23 April 2023

The Elders အဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ ဧပြီ ၂၃ရက်က နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိလာတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်တာဝန်ရှိသူတွေက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

The Elders အဖွဲ့ကို ၂၀၀၇ခုနှစ်မှာ နယ်ဆင်မင်ဒဲလားက တည်ထောင်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေး၊တရားမျှတရေး၊လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်တည်တံ့သော ဂြိုဟ်တစ်ခုအတွက် လွတ်လပ်သော ကမ္ဘာ့ခေါင်းဆောင်တွေ အတူတကွလက်တွဲလုပ်ကြတဲ့ အဖွဲ့ဖြစ်တယ်လို့ အဖွဲ့ရည်ရွယ်ချက်မှာဖော်ပြထားပါတယ်။

ဥက္ကဋ္ဌမှာ အိုင်ယာလန်ရဲ့ပထမဆုံးအမျိုးသမီးသမ္မတတာဝန်ထမ်းဆောင်ခဲ့သူ Mary Robinson၊ဒုတိယဥက္ကဋ္ဌ(၁) ကုလထွေချုပ်ဟောင်းဘန်ကီမွန်း၊ဒုတိယဥက္ကဋ္ဌ(၂) မိုဇမ်ဘစ် ပညာရေးဝန်ကြီးဟောင်း Graca Machel၊ နိုင်ငံအကြီးအကဲဟောင်းများနှင့် အစိုးရအဖွဲ့ဝင်ဟောင်းများ (၈)ဦးတို့ဖြင့်ဖွဲ့စည်းထားတယ်လို့ ယင်းရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မစ္စတာဘန်ကီမွန်းရဲ့ ယခုခရီးစဉ်နှင့်ပတ်သက်လို့ လာရောက်တဲ့အကြောင်းရင်းနှင့်အသေးစိတ်အချက်အလက်တွေကို နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။

-ymg/knl

 

#YangonMediaGroup

#မစ္စတာဘန်ကီမွန်း

#The Eldersအဖွဲ့ဒုတိယဥက္ကဋ္ဌမစ္စတာဘန်ကီမွန်း

#မြန်မာ့နိုင်ငံရေး