#Local_News
Published_ 22 April 2023

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ KIA အဖွဲ့နှင့် PDF များ ရောက်ရှိနေကြောင်း ဒေသခံတို့၏ သတင်းပေးပို့မှုအရ ဧပြီလ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများဖြင့် သွားရောက်၍ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အဆိုပါကျေးရွာ အနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ ဘုန်းကြီးကျောင်းအုတ်တံတိုင်းအနီးမှ အလောင်း ၄ လောင်း၊ ကျည်အိမ် ၂ ခု၊ ၄၀ မမဗုံးသီး ၅ လုံး၊ သဲအိတ်ဘန်ကာများ၊ ကျောင်းခြံစည်းရိုး အနီးဆက်သွယ်ရေးမြောင်းနှင့်ပစ်ကျင်းများနှင့် ဆိုင်ကယ် ၇ စီး၊ လူနေတဲများ၊ ၁၂ ဗို့ကျည် ၁၀ တောင့်၊ မိုင်းရှာစက် ၁ လုံး၊ ဘက်ထရီအိုးအကြီး ၃ လုံး၊ ပြောက်ကျားယူနီဖောင်းများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း မကြီးကန်ကျေးရွာ အနီးတစ်ဝိုက်၌ PDF အဖွဲ့များ ရောက်ရှိနေကြောင်း ဒေသခံများကပင် သတင်းပေးပို့လာမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် သွားရောက် တိုက်ခိုက် ချေမှုန်းခဲ့ရာ ယင်းတို့နှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နစကဘက်မှ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အဆိုပါ ကျေးရွာ ကျေးလက်ဆေးပေးခန်း အတွင်းမှ အမ်-၂၂ ကျည်အိမ် မျိုးစုံ ၁၀ ခု၊ တရုတ် လက်ပစ်ဗုံးမျိုးစုံ ၁၈ လုံး၊ ဗုံးသီးမျိုးစုံ ၄ လုံး၊ ၁၂ ဗို့ကျည် ၃၀ တောင့်၊ ၅.၅၆မမကျည် ၆၀၀ တောင့်၊ ၇.၆၂မမကျည် ၁၀၀ တောင့်၊ ရိုင်ဖယ်ကျည် ၅၀ တောင့်၊ ကားမျိုးစုံ ၄ စီး၊ ဆိုင်ကယ်မျိုးစုံ ၂၀ စီး၊ ပြောက်ကျား ယူနီဖောင်းများ ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ အဆိုပါ ကျေးရွာရှိ နေအိမ်များအတွင်းမှ လက်လုပ်ရှော့တိုက်ပြောင်း ၈ ခု၊ လက်လုပ်မိုင်းစုံ ၄၆ လုံး၊ ယမ်း ၈ ပိဿာ ၄ ထပ်၊ လက်တော့ပ် ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဖွဲ့များက ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများအတွင်း ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူး ထားခြင်း၊ ကျေးရွာပတ်လည်တွင် လက်လုပ်မိုင်းများဖြင့် အတားအဆီးပြု လုပ်ထား ခြင်းများပြုလုပ်ထားကြကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် မတ်လ ၂၃ ရက်မှ ဧပြီလ ၈ ရက်ထိ ဧရာဝတီမြစ်အရှေ့ခြမ်းတွင် NUG ၏ အရှေ့ဘက်ဌာနချုပ်အဖြစ် အခြေပြုရန် ကြိုးပမ်းလျက်ရှိသော မန်ဝိန်း၊ စီသာ၊ မန်ခါး၊ စီသောင်၊ စီမူလေး၊ စီမူကြီး၊ တုံးကောက်၊ ရွာသစ်ကုန်းနှင့် နမ့်လန်ကျေးရွာများ တစ်ဝိုက်ရှိ KIA ရင်း(၁၂)နှင့် PDF များကို စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင်လည်း အလောင်းနှင့်လက်နက်၊ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး ကျေးရွာများအတွင်း ဘုန်းကြီး ကျောင်း၊ စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် လူနေအိမ်များတွင် ဘန်ကာ များ၊ ပစ်ကျင်းများနှင့် မိုင်းအတားအဆီးများ ထောင်ထားခဲ့ကြောင်း တွေ့ရှိခဲ့ရကြောင်း သိရသည်။

 

#ymg/PL #Local_News #ကန့်ဘလူ #ပဇီကြီးကျေးရွာ #မြိုင် #မကြီးကန်ကျေးရွာ #တိုက်ပွဲများဖြစ် #YMG #Yangon_Media_Group