Published 21 April 2023

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai နှင့် နေပြည်တော်မှာတွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လက်နက်ကုန်သွယ်မှုများပပျောက်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ဧပြီ၂၁ရက် မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

နစက ဥက္ကဋ္ဌဟာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးနှင့်ဆွေးနွေးရာမှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်လူကုန်ကူးမှုများ၊ မူးယစ်ကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီးရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

-အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နှင့်အတူမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

-ymg/knl

#YangonMediaGroup

#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Don Pramudwinai