#Local_News
Published_ 21 April 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်အမှတ် (၆/၂၀၂၃) ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဧပြီလ ၂၀ ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

 

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ ပါတီမှတ်ပုံတင်အမှတ်(၁)ဖြစ်ပြီး ပထမဦးဆုံးခွင့်ပြုပေးသည့်ပါတီဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၁၃ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့်ပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီရှိပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့စာရင်းများအရ သိရသည်။

 

ထိုသို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားပြီးသည့် ပါတီများတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်ပြီး အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့်အဖွဲ့ဝင်များက ယနေ့ဧပြီလ ၂၁ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါသည်။

 

#ymg/ynzw #Local_News #ပြည်ထောင်စုကြံ့ခိုင်ရေး #မှတ်ပုံတင်ခွင့်ပြု
#YMG #Yangon-Media-Group