#Local_News
Published_ 21 April 2023

 

ရန်ကုန်မြို့ရှိ မြို့နယ်အများစုမှာ EPC လျှပ်စစ်မီးပြတ်မှု အချိန်ကြာမြင့်နေတဲ့အပြင်တစ်ဆက်တည်းမီးပေးတဲ့အချိန်ကလည်း တိုတောင်းနေတယ်လို့ မြိုခံပြည်သူတွေက ပြောသည်။

 

ရန်ကုန်မှာ ဧပြီလ ၁၈ ရက်နေ့ကနေ့ ဧပြီလကုန်အထိတစ်ရက် ၈ နာရီခန့် မီးဖြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း (YESC) ကထုတ်ပြန်ကြေငြာမှုအပြီးမှာ လျှပ်စစ်မီးတွေ ပိုမိုပြတ်တောက်လာကြောင်း သိရသည်။

 

“တစ်ရက်လုံးမှာ တစ်နာရီတောင်ပြည့်အောင်မလာဘူး။ ရေသုံးစရာလဲမရှိတော့ဘူး”ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

 

မီးပုံမှန်မလာဘဲ မီးပျက်ချိန်ကြာမြင့်နေတာကြောင့် အသေးစားလုပ်ငန်းတွေ ထိခိုက်နေတဲ့အပြင်ဒဂုံမြို့သစ်ရှိ ရေဝယ်သုံးသူတွေလဲအခက်အခဲဖြစ်နေကြောင်း သိရသည်။

 

“အဝီစီရေတွင်းကနေ ရေရောင်းတာဝယ်သုံးရတယ်။ မီးမလာလို့ဆီနဲ့ရေတင်ပြီး ရေရောင်းနေတော့ ရေဈေးတွေပါတက်ကုန်ပြီ။ ရေတစ်စည်ကိုတစ်ထောင်ပေးဝယ်ရတယ်"ဟု တောင်ဒဂုံမှအိမ်ရှင်မတစ်ဦးက ပြောသည်။

 

အစိုးရကအလှည့်ကျမီးပေးသည့်စနစ်ဟု ကြေငြာထားသော်လည်း မီးပျက်ချိန်ကြာမြင့်ခြင်း၊တစ်ဆက်တည်းမီးပေးချိန် တိုတောင်းခြင်းတို့ကြောင့် ရန်ကုန်မြို့ခံပြည်သူများ လူမှုစီးပွါးအကျပ်အတည်းများကြုံတွေ့နေကြောင်း သိရသည်။

 

#ymg/ppk #Local_News #မီးပျက်ချိန်ကြာမြင့် #အခက်အခဲဖြစ် #YMG
#Yangon-Media-Group