#World_Health
Published 21 April 2023

 

ကာဗိုဟိုက်ဒရိတ်က နေ့စဉ်အစားအစာတွေထဲက အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပြီး မရှိမဖြစ်လို့ ဆိုနိုင်ပါတယ်။

 

ပေါင်မုန့်၊ ပဲ၊ အာလူး၊ သကြား၊ ကွတ်ကီး၊ ဖျော်ရည်တို့မှာ အဓိကပါဝင်ပြီး သကြားပါဝင်တဲ့ အစားအစာတွေက လေဖြတ်ခြင်းနဲ့ နှလုံးဖောက်ခြင်းတို့ကို ဖြစ်နိုင်ချေများစေကြောင်း လေ့လာတွေ့ရှိထားပါတယ်။

 

အသက် ၃၇ နှစ်မှ ၇၃ နှစ်ကြား လူပေါင်း ၁ သိန်းကျော်မှာ ၉ နှစ်ကြာအောင်လေ့လာခဲ့ရာမှာ သကြားမှရတဲ့စွမ်းအင် ၅ ရာခိုင်နှုန်းများလာတိုင်း နှလုံးရောဂါဖြစ်နိုင်ချေ ၆ ရာခိုင်နှုန်းနဲ့ လေဖြတ်အန္တရာယ် ၁၀ ရာခိုင်နှုန်းများလာကြောင်း တွေ့ရှိရပါတယ်။

 

တစ်နေ့ကို သကြား ၉၅ ဂရမ်ထက်ပိုစားတဲ့လူတွေဟာ ဒီလိုအခြေအနေဖြစ်နိုင်ချေအများဆုံးရှိနေပါတယ်။

 

ဆန့်ကျင်ဘက်အနေနဲ့ အမျှင်ဓာတ် ၅ ဂရမ်စားသုံးနေကျသူတွေက နှလုံးရောဂါဖြစ်နိုင်ချေ ၄ ရာခိုင်နှုန်းလျော့ကျကြောင်း တွေ့ရှိထားပါတယ်။

 

အကြံပေးချင်တာကတော့ သကြားဓာတ်ကို တတ်နိုင်သမျှ လျှော့ချစားသုံးဖို့နဲ့ ကယ်လိုရီစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ပါဘူး။

 

ဒီလိုမျိုးစားသောက်ပုံစံ ပြောင်းလဲလိုက်ရုံဖြင့် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ် ဖြစ်နိုင်ချေလျော့ကျသွားနိုင်ပါတယ်။

 

မိုနိုဆက်ခရိုက်၊ ဒိုင်ဆက်ခရိုက်၊ ပိုလီဆက်ခရိုက်စတဲ့ သကြားအမျိုးမျိုးပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို စားသုံးကြကြောင်း၊ သကြားတွေက အစာချေစနစ်မှာ မိုနိုဆက်ခရိုက်များအဖြစ် ပြိုကွဲသွားကြောင်း၊ သကြားဓာတ်အမျိုးမျိုးကို စုပ်ယူရာမှာနှုန်းမတူညီတာကြောင့် ခန္ဓာကိုယ်အပေါ်သက်ရောက်မှုမှာ ကွဲပြားကြောင်း မက်ကာဘီကျန်းမာရေးအစားအသောက်ပညာရှင် 'စမာဒါပရိုင်မော'က ပြောပြခဲ့ပါတယ်။

 

သွေးကြောစနစ်ထဲ သကြားမြန်မြန်ဝင်ရောက်လေ၊ ကျန်းမာရေးပြဿနာအမျိုးမျိုးအပေါ် ပိုမိုသက်ရောက်လေဖြစ်ပါတယ်။

 

ကာဗိုဟိုက်ဒရိတ်တွေ ပိုမိုရှုပ်ထွေးတဲ့ပုံစံဖြစ်ဖို့လိုအပ်ပြီး ဒါမှသာ ဖြည်းဖြည်းချင်းပြိုကွဲသွားကာ ကျန်းမာရေးအပေါ် အန္တရာယ်သက်ရောက်မှု နည်းစေမှာဖြစ်ပါတယ်။

 

ရိုးရှင်းတဲ့သကြားဓာတ်တွေက ဂလူးကို့စ်၊ သကာရည်တို့ဖြစ်ပြီး မုန့်ပဲသရေစာ၊ အချိုဓာတ်ပါတဲ့ဖျော်ရည်တို့မှာ ပါဝင်ပါတယ်။

 

သစ်သီးဖျော်ရည်တွေက သကြားဓာတ်များပြီး အသီးလိုက်စားမယ်ဆိုရင်တော့ အမျှင်ဓာတ်ပါဝင်တာကြောင့် သွေးတွင်းသကြားစုပ်ယူမှုနှေးစေပါတယ်။

 

ဒါကြောင့် အသီးဖျော်ရည်သောက်တာထက် အသီးလိုက်စားပေးခြင်းက ပိုမိုကျန်းမာစေပါတယ်။

 

#Source: The Jerusalem Post #World_Health #သကြား #လေဖြတ်ခြင်းအန္တရာယ်
#Yangon_Media_Group #YMG