Published 11 April 2023

ရှမ်းပြည်နယ်တွင် ရှိခဲ့သည့် စော်ဘွားများ၏ သမိုင်းကိုလည်း ဖော်ထုတ်ထိန်းသိမ်းသင့်သည်ဟု ယူဆသည့်အတွက် ဒေသတွင်းရှိ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုပြယုဂ်တစ်ခုဖြစ်သည် ဟော်နန်း ကို ရှေးမူမပျက်စေဘဲ မူလပုံစံအတိုင်း ပြန်လည် တည်ဆောက်ပေးခြင်းဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို အသစ်ပြန်လည်တည်ဆောက်ပြီးစီး၍ သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်အဖြစ်ဖွင့်လှစ်သည့် အခမ်းအနားတွင်ပြောကြားခဲ့ပါတယ်။

ရှမ်းပြည်နယ် သိန္နီမြို့တွင် ဧပြီ(၁၁)ရက်နံနက်ပိုင်းကအဆိုပါ သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက် ကမ္ပည်းမော်ကွန်းကို ဗိုလ်ချုပ်မှူးကြီးက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

အတိတ်သမိုင်းက မြောက်သိန္နီစော်ဘွားကြီး အဆက်ဆက်၏ စည်းရုံး ဦးဆောင်မှုဖြင့် နယ်သူနယ်သားများ၊ ဒေသခံ တိုင်းရင်းသားများသည် စည်းလုံးညီညွတ်စွာနှင့်နိုင်ငံတော်ကာကွယ်ရေး၊ နယ်ချဲ့ကျူးကျော်စစ် ခုခံတွန်းလှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေးများကို ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့ကြပါကြောင်း၊ ယင်းကို အသိအမှတ်ပြုသောအားဖြင့် သိန္နီနယ်၏ စည်းလုံးညီညွတ်မှု ပြယုဂ်တစ်ခုလည်းဖြစ်၊ သမိုင်းဝင် အဆောက်အဦ တစ်ခုလည်းဖြစ်သည့် သိန္နီဟော်နန်းကြီးကို ဒေသခံပြည်သူများ၏ဆန္ဒနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်မှ ရှေးမူမပျက် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်းအတွက် များစွာ ဂုဏ်ယူမိတယ်လို့လည်း နစက ဥက္ကဋ္ဌက အခမ်းအနားမှာပြောကြားခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာ်ဖော်ပြထားပါတယ်။

အလားတူ မိုင်းပွန်ဟော်နန်းကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းထားပြီး ကျိုင်းတုံဟော်နန်းကြီးကိုလည်း ပုံစံတူပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက  ဆက်လက်ပြောကြားခဲ့ပါတယ်။

သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရသကဲ့သို့ အတိတ်သမိုင်းကို သင်ခန်းစာရယူပြီး ပိုမိုကောင်းမွန်သည့် ခေတ်စနစ်မျိုးကို လျှောက်လှမ်းကြရမည် ဖြစ်ပါကြောင်း၊ သမိုင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။

အဲဒီနောက် သိန္နီဟော်နန်း ပြည်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒေသခံ ဦးစိုင်းမျိုးညွန့်က သိန္နီမြို့ရှမ်း စာပေနှင့် ယဉ်ကျေးမှုအသင်းအနေဖြင့် ဒေသတွင်းရှိ ရဟန်းရှင်လူ ပြည်သူအပေါင်း၏ ဆန္ဒကိုခံယူပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း ဗုံးဒဏ်ကြောင့် မီးလောင်မြေခခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦ တစ်ခုဖြစ်သော စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းအား ရှေးမူရင်းလက်ရာမပျက်အသစ်တစ်ဖန်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တပ်မတော်ကို တင်ပြအကူအညီတောင်းခံခဲ့ကြောင်း၊ ယခုဟော်နန်းကြီး၏ မူလအလှူရှင်ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်နှင့် တပ်မတော်မှ ယခုဟော်နန်းကြီးကို ကူညီတည်ဆောက်ပေးခဲ့သည့်အတွက် ဒေသခံ ပြည်သူလူထု အားလုံးကိုယ်စား အထူးကျေးဇူးတင်ဝမ်းမြောက်တယ်လို့ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အဆိုပါ သိန္နီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင်ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက်

ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်းဆောက်လုပ်ထားပြီး အဆောက်အဦကြီး တစ်ခုထဲတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသောအဆောက်အဦများစွာ ပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင်ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိကြောင်း၊ စော်ဘွားကြီးသည် နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီးအပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည်သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရတာ ဖြစ်ကြောင်းသိရှိရပါတယ်။

အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလအဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တွင် အသစ်ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည့် သိန္နီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ)ကို သိန္နီဟော်နန်း ယဉ်ကျေးမှုပြတိုက်အဖြစ် ဖွင့်လှစ်ပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်။

#ymg/knl

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#သိန္နီဟော်နန်းယဉ်ကျေးမှုပြတိုက်

#YangonMediaGroup