Published 10 April 2023

ကိုကိုးကျွန်းရှိ ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော်(Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ်တည်နေရာတွင်  နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောင်မြေအထိမ်းအမှတ် ကျောက်တိုင်စိုက်ထူခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဧပြီ(၉)ရက်က နစကအဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများနှင့်အတူ  ကိုကိုးကျွန်းမြို့နယ်သို့သွားရောက်ခဲ့ပြီး ကပ္ပလီ ပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာ အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

ရှေးဦးစွာ ပင်လယ်နှစ်ခုဆုံမှတ် တည်နေရာတွင် အောင်မြေအထိမ်းအမှတ် ကျောက်တိုင်ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး အောင်မြေအထိမ်း အမှတ်ကျောက်တိုင်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် လာရောက်သည့် ကိုကိုးကျွန်းမြို့ခရီးစဉ်တွင် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆုံမှတ်နေရာ (Victorious Point)တွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူရန် လမ်းညွှန် ချက်အရ ယခုကဲ့သို့ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင် (Andaman Sea)နှင့် ဘင်္ဂလားပင်လယ်အော် (Bay of Bengal) ဆက်စပ်နေရာတွင် တည်ရှိပြီး မင်္ဂလာကျွန်း၊ စလစ်ပါ ကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီကျွန်းနှင့် ကိုကိုးလေးကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် ကျွန်းဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်သည် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော အရှေ့မြောက်ဘက်ပိုင်း ရေပြင်ဖြစ်ကာ အနောက်နှင့် အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ တောင်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ဘင်္ဂလား ပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင် (Andaman Sea)သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်အစွန်အဖျားအကျဆုံး ရေပြင်ဖြစ်ကာ အရှေ့ဘက်တွင် မုတ္တမပင်လယ် ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံ ကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့်နီကိုဘားကျွန်းတို့ တည်ရှိကြောင်း၊ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက် ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေပါတယ်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏ မြောက်ဘက်၌ ပါလီပါလဲ့ ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများ တည်ရှိပြီး ၎င်းရေလက်ကြားများမှ နှစ်စဉ်နိုင်ငံခြား ကုန်သွယ်ရေယာဉ် အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်း သွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှုအတွက်သာမက မြန်မာနိုင်ငံ၏ ရေကြောင်းအကျိုးစီးပွား အတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ymg/knl

#YangonMediaGroup

#ကိုကိုးကျွန်းရှိ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် ပင်လယ်နှစ်ခုဆုံမှတ်

#အောင်မြေအထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ

#ကိုကိုးကျွန်း