Published 4 April 2023

မြန်မာနှင့်လာအိုအကြား လျှပ်စစ်ဓာတ်အားဝယ်ယူရောင်းချရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မယ် လို့ မြန်မာနစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။

ဧပြီလ(၃)ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနှင့်လာအိုနှစ်နိုင်ငံအကြားပြုလုပ်တဲ့ လျှပ်စစ်စွမ်းအားပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ အခမ်းအနားတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပခဲ့တာဖြစ်ပါတယ်။

မြန်မာ - လာအို နှစ်နိုင်ငံတို့သည် အာဆီယံနှင့် ဂျီအမ်အက်စ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ ငါးနှစ်တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အားကွန်ရက်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါကြောင်းနှင့်  နှစ်နိုင်ငံဓာတ်အား ဝယ်ယူ/ရောင်းချရေးတွင် ကုမ္ပဏီနှစ်ခုအပြင် အစိုးရ များအနေဖြင့်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်တယ်လို့  အဆိုပါအခမ်းအနားသို့တက်ရောက်လာတဲ့ နစကအဖွဲ့ဝင်  ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ပါတယ်။

ယနေ့အခမ်း အနားတွင် မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကလည်း အသိပေးပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခမ်းအနားသို့ တက်ရောက်လာတဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဖိုစေးစရာစုံကလည်း လာအိုနိုင်ငံ ဗီယင် ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် Joint Working Committee (JWC) အစည်းအဝေးနှင့် (၆)ကြိမ်မြောက် Joint Working Group (JWG) အစည်းအဝေးများမှနေ၍ မြန်မာ - လာအို လျှပ်စစ် ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြ ပါကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် နိုင်ငံဖြတ်ကျော်ဓာတ်အား လိုင်းစီမံကိန်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပါဝင်ပါကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရေးနှင့် ကဏ္ဍစုံ လက်တွဲဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံတို့က မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် (MOU Amendment) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

ဆက်လက်ပြီး  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်၊ PISASAI Energy and Mine Investment Pte. Ltd. ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ Mr. Shen DECAI နှင့် Primus Sapphire Power Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်လှဝင်းတို့က Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။

ရေအားလျှပ်စစ်အရင်းအမြစ်ပေါကြွယ်ဝတဲ့ လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဘက်ထရီအိုးအဖြစ် လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားများကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

-ymg/knl

#မြန်မာ-လာအို_နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်း

#လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံ

#YangonMediaGroup