#Local_News
Published 31 March 2023

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ကန်တော်ကြီးအတွင်း မြေအောက်ရေအကူပိုက်လိုင်းမှ ရေစတင် သွယ်တန်းမှုကို မတ်လ ၃၀ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေသွယ်တန်းမှုမှာ သင်္ဂနက်ဆည်နှင့် ကန်တော်ကြီးသို့ မြေအောက်ရေအကူပိုက်လိုင်းမှ ရေသွယ် တန်းမှုဖြစ်ကြောင်း၊စက်ရေတွင်းတူးဖော်နိုင်သည့် နေရာများကို ဘူမိရူပ ဆိုင်ရာတာတိုင်းတာမှုများပြုလုပ်၍ စက်ရေတွင်းများတူးဖော်နိုင်ရေး ဆောင်ရွက်ရာတွင် သင်္ဂနက်ဆည်မှ ကန်တော်ကြီးအထိ (ဆည်ရေနှင့် တွင်းအမှတ်-၁)တို့မှ ရေပိုက်လိုင်းအရှည် ၄၄၀၀ ပေအား သွယ်တန်းခဲ့ပြီး ကန်တော်ကြီးအတွင်းသို့ ရေစတင်ဖြည့်တင်း နိုင်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့ ရေပေးဝေရေးအတွက် အဓိကဖြစ်သည့် ကန်တော်ကြီးအတွင်းရေပြန်လည် ဖြည့်တင်းပေးနိုင်ရေးအတွက် မြေအောက်ရေရရှိဆောင်ရွက် ရာတွင် ရေရရှိနိုင်သည့် နေရာများကို ထပ်မံသုတေသနပြု၍ တူးဖော်ဆောင်ရွက်ကြရန် နစက ဥက္ကဌက မှာကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေမြို့ ရေရရှိရေး ကန်တော်ကြီးအတွင်း ရေပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့မှုအရ ကန်တော်ကြီးအတွင်းသို့မြေအောက်ရေဖြင့် ရေပြန်လည် ဖြည့်တင်းနိုင်ရေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထပ်မံတူးဖော်ရရှိသည့် စက်ရေတွင်းများမှထွက်ရှိသည့် ရေများကို ကန်တော်ကြီးအတွင်းသို့ ထပ်မံဖြည့်တင်းနိုင်ရေး ရေပိုက်လိုင်းများနှင့် ရေတွန်းစက်များ ထပ်မံတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့ကို အဓိကရေပေးဝေလျက်ရှိသည့် ကန်တော်ကြီး၏ ရေသိုလှောင်နိုင်မှု ပမာဏမှာ ရေဂါလံ ၄၈၁ ဒသမ ၁၀ သန်းဖြစ်ပြီး ကန်တော်ငယ်(၁၊၂)၊ ကန်တော်လေးနှင့် တြိဂံကန် ရေသိုလှောင် နိုင်မှုမှာ ရေဂါလံ ၆၂ ဒသမ ၃၇ သန်း၊ တိုးချဲ့ ကန်ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၁၉ ဒသမ ၅၉ သန်း၊ ဆက်ရိုးကျကန်အမှတ်(၁)နှင့် (၂) တို့၏ ရေသိုလှောင်နိုင်မှုမှာ ရေဂါလံ ၁၂၀ သန်း ဖြစ်ကြောင်း သိရသည်။

ymg/mt
#စစ်တွေမြို့ #ကန်တော်ကြီး #မြေအောက်ရေ #အကူပိုက်လိုင်း
#YMG #Yangon_Media_Group