#Local_News
Published 31 March 2023

 

ထိုင်းနိုင်ငံသို့သွားမည့် မြန်မာနိုင်ငံသားများအား ဧပြီ ၁ ရက်ကစ၍ ဆိုက်ရောက်ဗီဇာ ၁၄ ရက်သာ ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ ၃၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ပြီးခဲ့သည့်၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အတွင်း လာရောက်ကြသော နိုင်ငံအသီးသီးမှ နိုင်ငံသားများနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပါအဝင် အခမဲ့ဗီဇာ (Visa Free) သဘောတူညီမှုရရှိထားသော နိုင်ငံသားများအနေဖြင့် ၄၅ ရက်အထိ နေထိုင်နိုင်ပြီး ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများအနေဖြင့် ၃၀ ရက်အထိ နေထိုင်ခွင့်ရရှိခဲ့ကြကြောင်း သိရသည်။

 

"အရင်အတိုင်း ပြန်ဖြစ်တာပါ၊ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ရက်က စပြီးတော့ ဆိုက်ရောက်‌ဗီဇာအနေနဲ့ ၄၅ရက် ဗီဇာမလိုဘဲ နေထိုင်ခွင့် သတ်မှတ်ချက်ကာလ ပြည့်သွားပြီဖြစ်လို့ပါ။

 

အရင်ခွင့်ပြုပေးခဲ့တဲ့ ဗီဇာမလိုဘဲ ၁၄ရက်ကြာနေထိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မကာအို၊ မွန်ဂိုလီးယား၊ ရုရှားနဲ့ တခြား နိုင်ငံအချို့လည်း အတူတူပါပဲ၊ ထိုင်းမှာ ရက်ရှည်နေထိုင်လိုသူတွေ အနေနဲ့ ရန်ကုန်က ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားပြီး သွားရမှာပါ။

 

ဗီဇာမဲ့ ၁၄ရက်နေထိုင်ပြီးရင်တော့ နောက်ထပ် ရက် ၃၀ ဗီဇာကို သံရုံးထောက်ခံချက်နဲ့ ထပ်မံသက်တမ်းတိုးလျှောက်ထား နိုင်ပါသေးတယ်"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

 

ထိုင်းနိုင်ငံအစိုးရအနေဖြင့် အဆိုပါ ဆိုက်ရောက်‌ဗီဇာ အနေဖြင့် ဗီဇာမလိုဘဲ ၁၄ရက်ကြာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကို လွန်ခဲ့သည့် ၂၀၁၅ခုနှစ် သြဂုတ်ကစတင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ymg/mt
#ထိုင်းနိုင်ငံ # မြန်မာနိုင်ငံသား #ဆိုက်ရောက်ဗီဇာ
#YMG #Yangon_Media_Group