Published 25 March 2023

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်နောက်ထပ် စီးပွားရေးအရေးယူပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ မြန်မာ့တပ်မတော်ကို ဂျက်လောင်စာဆီ ပေးသွင်းနေတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူတာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ကြေညာချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးသားပါတယ်။

အဲဒီအရေးယူမှုမှာ  လူပုဂ္ဂိုလ်နှစ်ဦးနှင့် ကုမ္ပဏီ (၆)ခုပါရှိတယ်လို့လည်း သတင်းကဆိုပါတယ်။

အဲဒီကုမ္ပဏီတွေက  Asia Sun Group ၊ Asia Sun Trading Co. Ltd၊ Cargo Link Petroleum Logistics Co. Ltd ၊ Star Sapphire Group of Companies ၊  Star Sapphire Trading Company Limited နှင့် STAR SAPPHIRE GROUP PTE. LTD.တို့ဖြစ်ကြပါတယ်။ လူပုဂ္ဂိုလ်နှစ်ဦးကတော့ ဦးထွန်းမင်းလတ်နှင့်ဇနီးဖြစ်သူ ဒေါ်ဝင်းမင်းစိုးတို့ဖြစ်ကြတယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ယခုအရေးယူပိတ်ဆို့မှုဟာ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေများစွာထဲက နောက်ဆုံးချမှတ်မှုဖြစ်ပါတယ်။

အရေးယူပိတ်ဆို့မှုတွေရှိနေသော်ငြားလည်း မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ တိုးတက်လာနေတယ်လို့ နစက,က ပြောဆိုနေပါတယ်။

မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ အနှုတ်၅ ဒသမ  ၉ ရာခိုင်နှုန်းမှ အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင်မြန်မာ့စီးပွားရေးသည် ၃ ဒသမ၄ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့တယ်လို့ နစက ဥက္ကဋ္ဌက မတ်၂၄ ရက်နေ့ကကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

-ymg/knl

#မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့ကန့်သတ်မှုအသစ်ထပ်လုပ်

#မြန်မာစီးပွားရေးတိုးတက်

#YangonMediaGroup