#Local_News
Published_ 1 March 2023

 

ဇွဲကပင်တောင်ပေါ်သို့ ဘုရားဖူးရန်တက်ရောက်စဉ် အမျိုးသားတစ်ဦး အမောဖောက် သေဆုံးမှု ဖေဖော်ဝါရီလ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း ဘားအံမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

"အဲဒီလူက အသက် ၅၆ နှစ် လောက် ရှိပါတယ်။နှလုံးရောဂါလည်း ရှိတယ်လို့ သိရတယ်။ မနက် ၁၁ နာရီ လောက်က လုမ္မနီဥယျာဉ်ဘက်ခြမ်း က ဇွဲကပင်တောင်တက်လမ်း ကနေ တက်တာ။ တောင်ကို တက်ရင်းနဲ့ အထက်ရေတံခွန်အကျော် ကရင်မောင်နှမ နတ်နန်းနားမှာ ဖြစ်သွားတာ"ဟု ဘားအံမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

 

အဆိုပါ အခင်း ဖြစ်ပွားရာနေရာသို့ ဘားအံမြို့နယ် ဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ နှင့် အခြား လူမှုကယ်ဆယ်ရေးအဖွဲ့များမှ အဖွဲ့ဝင် စုစုပေါင်း အင်အား ၄၀ ကျော် က သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ကိုင်ခဲ့ကြကြောင်းလည်း သိရသည်။

 

အဆိုပါ သေဆုံးသူကို ကယ်ဆယ်ရေးအဖွဲ့များမှ ဇွဲကပင်တောင်ခြေသို့ သယ်ဆောင်ခဲ့ပြီး ယင်း၏နေရပ်မြိုင်ကလေးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ဇွဲကပင်တောင်သည် ကရင်ပြည်နယ် ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင်တည်ရှိကာ ရင်ပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေ အမြင့်တွင် တည်ရှိသည်။

 

#ymg/mt #Local_News #ဇွဲကပင်တောင် #ဘုရားဖူးရန်တက်ရောက်စဉ် #အမျိုးသားတစ်ဦး #အမောဖောက်သေဆုံး
#Yangon_Media_Group