#Local_News
Published_ 27 February 2023

 

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍတိုးတက်စေဖို့ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်မှ စီးပွားအသင်းအဖွဲ့တချို့တို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်အလိုက် ဝန်ဆောင်မှုများပေးနိုင်ရေးတို့အပြင် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းနှင့် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနိုင်ဖို့လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်က ပြောသည်။

 

မြန်မာနိုင်ငံ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်လေးက အမျိုးသမီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ အာဆီယံ စီးပွားရေးစွမ်းဆောင်ရှင်များကွန်ယက်တွင်လည်း နိုင်ငံကိုယ်စားပြုပါဝင်နိုင်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီး မိတ်ဖက် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာစီးပွားစီမံ အမှုဆောင်အသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း စသည့်အသင်းများနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

မြန်မာ့အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းကို ၁၉၉၅ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၊ အစပျိုး အမျိုးသမီး လူငယ်လုပ်ငန်းရှင်များပါဝင်ကာ အသင်းဝင်အင်အား ၃၀၀၀ ကျော်ဖြင့် ရပ်တည်နေကြောင်း သိရသည်။

 

#ymg/ynzw #Local_News #မြန်မာအမျိုးသမီး #စွမ်းဆောင်ရှင်များအသင်း #ကုန်သည်စက်မှု #YMG #Yangon_Media_Group