#Local_News
Published_ 27 February 2023

 

ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်းဟာ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၅ ဒသမ ၆၄ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်ကုန်တွင် ၇၆ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှသိရသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်က ယခု စီမံကိန်းပြီးပါက ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးအောင်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ပင်မတမံရေဝပ် ဧရိယာအတွင်းကျရောက်သဖြင့် ရွှေ့ပြောင်းပြန်လည်နေရာချထားရသည့် ကျေးရွာများမှ မိသားစုများ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖေဖော်ဝါရီလ၂၆ရက်နေ့က ပြောကြားခဲ့ကြောင်းသိရသည်။

 

အဆိုပါစီမံကိန်းသည် ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့်တမံ)ဖြစ်ကာ ကန်ရေပြည့်ရေသိုလှောင် ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်ကြောင်း၊ ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိကြောင်းသိရသည်။

 

#ymg/ynzw #Local_News #ရေအားလျှပ်စစ် #နာရီသန်းပေါင်း၃၈၆
#YMG #Yangon_Media_Group