Published 26 Feb 2023

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကိုတွေ့ကြုံနေကြရတယ်လို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားပါတယ်။

ဖေဖော်ဝါရီ ၂၆ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံပြီး  နိုင်ငံရဲ့အခြေအနေကို ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကပြန်ကြားရေးရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ရေနှင့်မြေများ၊သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိပေမယ့် စဉ်ဆက်မပြတ်ကြိုးစားလိုစိတ်နှင့် အလုပ်လုပ်ကိုင်လိုမှုအားနည်းခြင်းကြောင့်  တိုးတက်မှုများနောက်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်၍ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

စစ်သည်များအနေဖြင့်လည်း မိမိတို့၏အတန်းပညာများ မြင့်မားရေးအတွက် တပ်မတော်ပညာရေးကျောင်းများတွင် မှန်မှန်ကန်ကန် တက်ရောက်သင်ကြားသွားရန်လိုကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်း စွမ်းရည်တိုးတက်ပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနှင့် စွမ်းပကားမြင့်မားအောင်  ဆောင်ရွက်နိုင်မည်ဆိုပါက တပ်မတော်အင်အားရှိမည်ဖြစ်ကြောင်း၊တစ်ဦးချင်း စွမ်းရည်များကို အသုံးချ၍ တပ်မတော် တစ်ရပ်လုံးစွမ်းရည် ရှိအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီးလာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေကိုလည်း ဗိုလ်ချူပ်မှူးကြီးကရှင်းလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။

နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဟာ ခရီးစဉ်အတွင်း စစ်တွေမြို့ကျက်သရေဆောင် လောကာနန္ဒာ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

YMG/knl

#မြန်မာ

#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#နစကဥက္ကဋ္ဌ

#စစ်တွေခရီးစဉ်

#YangonMediaGroup

#Myanmar_News