Published 26 Feb 2023

ပြည်ပနိုင်ငံတွေမှာရှိကြတဲ့ မြန်မာသံရုံးတွေနှင့် ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ စီးပွားရေးသံမှူးတွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် ဝန်ကြီးဌာနတွေက အရာထမ်း (၁၆)ဦးကို ခန့်အပ်လိုက်တယ်လို့ ဇန်နဝါရီ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်တဲ့ နစက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၂၃ အရသိရပါတယ်။

စီး/ကူးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လက်မှတ်ရေထိုးထုတ်ပြန်တဲ့ အဆိုပါ စီးပွားရေးသံမှူးများခန့်အပ်တာဝန်ပေးတဲ့ အမိန့်မှာ စီမံကိန်းဘဏ္ဍာရေးဝန်ကြီးဌာန၊ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့မှ အရာရှိကြီး (၁၆)ဦးပါဝင်ပါတယ်။

ခန့်အပ်ခံရတဲ့ စီးပွားရေးသံမှူးများမှာ အဆိုပါ ဝန်ကြီးဌာန (၅)ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဦးစီးအရာရှိအဆင့်(၁)ဦး၊လက်ထောက်ညွှန်ကြားရေးမှူးအဆင့် (၆)ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်(၉)ဦးတို့ပါဝင်ကြတယ်လို့ အမိန့်ကြော်ငြာစာတွင်ဖော်ပြထားပါတယ်။

ယင်းစီးပွားရေးသံမှူး (၁၆)ဦးသည် ပြည်ပ(၁၂)နိုင်ငံဖြစ်တဲ့ ဂျာမနီ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊အမေရိကန်ပြည်ထောင်စု၊ဂျပန်၊အိန္ဒိယ၊ တောင်ကိုရီးယား၊တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ရုရှားဖက်ဒရေးရှင်းစင်္ကာပူနှင့်ထိုင်းနိုင်ငံတို့မှာ တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

အဆိုပါစီးပွားရေးသံမှူးတွေဟာ သက်ဆိုင်ရာ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရှိ အဆင့်တူသံတမန်ဝန်ထမ်းများအတွက် သတ်မှတ်ထားသည့် လစာနှင့် နိုင်ငံခြားစရိတ်များအတိုင်း  ခံစားခွင့်ပြုကြောင်းလည်းအမိန့်အရသိရပါတယ်။

YMG/knl

#စီးပွားရေးသံမှူး

#မြန်မာစီးပွားရေးသံမှူး

#မြန်မာနိုင်ငံရေး

#မြန်မာစီးပွားရေး

#YangonMediaGroup

#Myanmar_News