#Local_News
Published_ 25 February 2023

 

အွန်လိုင်းမှ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်ထားပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေခဲ့သူ (၈၅၂၉)ဦးအထိရှိကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

ထုတ်ပြန်ချက်တွင် ရန်ကုန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ဖေဖော်ဝါရီ (၂၄)ရက်တွင် Online Appointment System ဖြင့် ရက်ချိန်းရယူခြင်းအား စတင်စမ်းသပ် အသုံးပြုခဲ့ရာ လျှောက်ထားသူ(၈၅၂၉)ဦးမှ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်းပြီး အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့် ပေးချေလျှောက်ထားခဲ့ရာ ရက်ချိန်းများရရှိခဲ့သည့်အတွက် ကနဦးစမ်းသပ်ဆောင်ရွက်မှု အဆင်ပြေခဲ့သည်ဟု ဆိုသည်၊၊

 

ယင်းကဲ့သို့ အဆင်ပြေခဲ့သော်လည်း Online Appointment System စနစ်ကို လိုအပ်ချက်အနည်းငယ်ရှိပါသဖြင့် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန်ရှိပါသဖြင့် ရက်ချိန်းအသစ်လျှောက်ထားခြင်းအား တစ်ရက်ရပ်နားထားမည်ဖြစ်ပြီး ရက်ချိန်းအသစ်လျှောက်ထားခြင်းကိုဖေဖော်ဝါရီလ(၂၆)ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းဖေဖော်ဝါရီလ (၂၅)ရက်တွင် ဖော်ပြထားသည်၊၊

 

အချို့သော လျှောက်ထားသူများမှ ငွေပေးချေပြီးသော်လည်း ရရှိမည့်ရက်ချိန်းအတွက် နေ့စွဲနှင့်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားချက်များ စနစ်မှထုတ်ပေးမှုကို လက်ခံမရရှိခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့ကြောင်း သို့ဖြစ်၍ ရက်ချိန်းအချက်အလက်များကို ပြန်လည်ကြည့်ရှုနိုင်ရန် Website ၏ Home Page ရှိ ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို ဖြည့်သွင်း၍ လျှောက်ထားသူအတွက် စနစ်မှခွင့်ပြုထားသည့် ရက်ချိန်းနေ့စွဲနှင့် အချိန်ကို ပြန်လည်ကြည့်ရှုနိုင်ပါကြောင်းလည်း အသိပေးထားကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #Passport #Onlin_Booking
#YMG #Yangon_Media_Group