#Local_News
Published_ 25 February 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့တွင် နစက ဆန့်ကျင်သူများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့သောကြောင့် သံဃာတော် ၁ ပါးနှင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့နယ်လျှပ်စစ်ရုံးအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာလျက်ရှိသည့် စီးမော်ကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဥူးပဏ္ဏိတ သက်တော်(၄၃)နှစ် ဝါတော် ၂၃ ဝါ၊ ကသာမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇော်နိုင်ဝင်း(၃၁)နှစ်နှင့် မသော်ရီဆွေ (၂၃) နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းကြောင့် ဆေးကုသနိုင်ရေး ဗန်းမောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း၊ မိုင်းထောင်ထားသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များဆောင်ရွက်နေကြောင်း သိရသည်။

 

#ymg/mt #ဗန်းမောက် #Local_News #လက်လုပ်မိုင်း #YMG #Yangon_Media_Group