#Local_News
Published_ 17 February 2023

 

မြန်မာနှင့် ရုရှားနိုင်ငံတို့ အနေဖြင့် ကူးသန်းရောင်းဝယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက်က နေပြည်တော်မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့သော (၇၅)နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်အတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရ သော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိပြီး အထူး သဖြင့် မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှစပြီး ယနေ့အချိန်အထိ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ်တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂကြီးကို ကမ္ဘာ့ နိုင်ငံများ၏ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုရှိပြီး သာယာဝပြောသည့် ကမ္ဘာ့အသိုက်အဝန်းကြီး ဖြစ်ပေါ်လာရေးအတွက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်ကြောင်းလည်း နစက ဥက္ကဌက ထည့်သွင်းပြောကြားခဲ့သေးသည်။

 

မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးကလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လက်ရှိတွင် ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ အနေဖြင့် အစဉ်အမြဲလိုလားသည့်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးတွင် ဆဋ္ဌမမြောက်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက သံတမန်ဆက်ဆံ ခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group