#Local_News
Published_ 13 February 2023

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် လုပ်ကြံခဲ့ကြသူများကို ဖမ်းမိပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နံနက်ပိုင်းက လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဓာတုဗေဒလမ်းရှိ မြတ်မိဘကုမ္ပဏီ၊ ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ အငြိမ်းစား စစ်မှုထမ်းဟောင်း ဦးမြင့်စိုးအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ခဲ့ရာ တင်စိုး(ခ)ဘိုးတော် ၊ အေးသိန်း ၊ချစ်ကို ဆိုသူတို့ကို ဖေဖော်ဝါရီလ ၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းတွင် ဖော်ပြထားသည်။

 

ယင်းတို့၏ ထွက်ဆိုချက်အရ အောင်ဇော်လင်း(ခ)အောင်ကြီး ၊ အောင်ဇော်လင်း(ခ)အောင်ကြီး၏ ထွက်ဆိုချက်အရ အောင်ခန့်ဖြိုး(ခ)မိုးတိမ် နှင့် ပြည့်ဖြိုးငြိမ်း(ခ)ကိုကင်း ညီညီထွေး(ခ)သံချောင်းတို့ကို အသီးသီး ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရွှေဝါဆပ်ပြာစက်ရုံ၊ ဒုအထွေထွေမန်နေဂျာ အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးမြင့်စိုးအားလုပ်ကြံသည့် အမှုအပါအဝင် ၎င်းတို့အနေဖြင့် စစ်မှုထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ၊ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ်ကျူးလွန်ခဲ့ကြောင်း ဖမ်းဆီးရမိသူများ၏ ပြောပြချက်ကို ကိုးကား၍ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်း(၂)လမ်းထိပ်၌ ပြည်သူ ၃ ဦးကိုလည်းကောင်း၊ဇူလိုင်လ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးအောင်ပွင့်လမ်း၌ ရာအိမ်မှူး ဦးခင်မောင်လတ်(ခ)ကိုလတ်ကိုလည်းကောင်း၊ဇူလိုင်လ ၁၈ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်(၉)လမ်းပေါ်၌ တပ်မတော်မှအရာရှိ ၁ ဦးနှင့် ဇနီးဖြစ်သူတို့အားလည်းကောင်း၊ ဩဂုတ်လ ၃၀ ရက်တွင် အင်းစိန်မြို့နယ်၊ ဈေးကုန်း(အရှေ့)ရပ်ကွက်၊ အင်းစိန်ဈေးအနီးပြည်သူ ၁ ဦးကိုလည်းကောင်း၊ စက်တင်ဘာလ ၁၇ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ရတနာလမ်း၌ရာအိမ်မှူး ဦးအောင်စိုးကိုလည်းကောင်း၊အောက်တိုဘာလ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ တပင်ရွှေထီးလမ်း၌ စစ်မှုထမ်းဟောင်း ဦးသိန်းမြင့်ဦးကိုလည်းကောင်း၊အောက်တိုဘာလ ၂၀ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ဗဟိုလမ်းထောင့်နှင့် ပေါင်းစည်းလမ်းထောင့်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် ပြည်သူ ၁ ဦးတို့ကိုလည်းကောင်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် အမှတ်(၂)လမ်းထောင့်၌ စစ်မှုထမ်းဟောင်း ဦးကျော်မင်းသန်းနှင့် ဇနီးဖြစ်သူ ဒေါ်နော်စောမြတ်မွန်တို့ကိုလည်းကောင်း၊ဖေဖော်ဝါရီလ ၃ ရက်တွင် လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျမင်္ဂလာ(၂)လမ်း၌ မီးသတ်တပ်ဖွဲ့ဝင် ဦးလူအေးကိုလည်းကောင်း လုပ်ကြံခဲ့ကြကြောင်း ထွက်ဆိုချက်ကို နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယင်းကြောင့် ဖမ်းဆီးရမိသူများကို ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group