#LocalNews
Published_ 12 February 2023

 

ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးကိုဦးတည်သည့် နိုင်ငံရေးမျှော်လင့်ချက် ဖန်တီးပေးနိုင်မှသာလျှင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးနည်းလမ်းအပေါ် ပြန်လည်ယုံကြည်သက်ဝင်ပြီး ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်သူ့ပါတီဗဟိုဌာနချုပ်က သဘောထားထုတ်ပြန်လိုက်သည်။

 

အဆိုပါ ပြည်သူ့ပါတီ၏ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ထဲတွင် " နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံနိုင်ငံရေးပြဿနာမှာ ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးပင်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံအကြောင်းတရားမှာလည်း ဒီမိုကရေစီရေးနှင့် ဖက်ဒရယ်ရေးပင်ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့ခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။"ဟု ဆိုထားသည်။

 

ယင်းနောက် လွတ်လပ်ပြီး မြန်မာနိုင်ငံတော်အား ပြည်ထောင်စုပုံစံ ဒီမိုကရေစီနည်းကျ တည်ဆောက်သွားကြရန်၊ လွတ်လပ်ရေးခေါင်းဆောင်ကြီးများ နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းခဲ့ကြသည့် အစဉ်အလာကို ပြန်လည်ဖော်ထုတ်နိုင်ရန် အရေးတကြီးလိုအပ်နေကြောင်းလည်း သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 

တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ရေးပြဿနာကို မဖြေရှင်းနိုင်မှုကြောင့်ပင် တိုင်းရင်းသားဒေသအသီးသီး၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း၊ပြည်ထောင်စုမူ၊ ဖက်ဒရယ်မူကို အကြောင်းပြု၍ ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟူသည့် အကြောင်းပြချက်ဖြင့်၊ ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ ဒီမိုကရေစီရေး ပြဿနာပေါ်ပေါက်လာခြင်းဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

 

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်တွင် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် ပြည်မခေါင်းဆောင်များ လွတ်လပ်ရေးကို ပူးပေါင်းရယူပြီး နိုင်ငံတော်သစ်ကို မည်သို့မည်ပုံ တည်ဆောက်ကြမည်ဟု သဘောတူလက်မှတ် ရေးထိုးခဲ့ကြကြောင်း ပြည်ထောင်စုနေ့ ပင်လုံသဘောတူညီချက်သည် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့၏ ရေသောက်မြစ်လည်းဖြစ်ကြောင်းလည်း ပြည်သူ့ပါတီက ထုတ်ပြန်သည့်သဘောထားတွင် ထည့်သွင်းရေးသားထားသည်။

 

ymg/mt
#Yangon_Media_Group