#Local_News
Published_ 11 February 2023

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြုသည့် နိုင်ငံတစ်ဝန်းလုံးမှ ဌာပနာတော်အလှူရှင်များ လှူဒါန်းထားရှိသော ဌာပနာတော်များအား ဖေဖော်ဝါရီလ ၁၀ ရက်က သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဌာပနာတော်သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားသို့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည် တော်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘုရားဒါယကာများ တက်ရောက် ကြည်ညိုကြကြောင်း နစကသတင်းများအရ သိရသည်။

 

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက် သားသမီးဘုရား ဒါယကာဒါယိကာမများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာရွှေငွေ ကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ အပါအဝင် ဌာပနာတော်ပစ္စည်းများ ထည့်သွင်းထားသည့် ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် မော်ကွန်းကမ္ပည်းကျောက်စာတော်တို့ကို သတ်မှတ်ဌာပနာတော် နေရာအသီးသီးတွင် ထုံးတမ်းစဉ်လာများနှင့်အညီ သွင်းလှူပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကြောင်းလည်း သိရသည်။

 

ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ ထပ်မံဆက်သွယ်လှူဒါန်း ခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံ အပါအဝင် နိုင်ငံ တကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများ တွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ကာ ဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်ကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။

 

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင်တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာဇရပ်များနှင့် ပင်မအဝင်လမ်းတို့တွင် အများပြည်သူ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်အောင် မီးထွန်းညှိ၍ အလင်းပေးပူဇော် ထားရှိကြောင်း လည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group