#Local_News
Published_ 11 February 2023

 

ဟောင်ကောင်သင်္ဘော နစ်မြုပ်မှုတွင် အသက်ဘေးလွတ်ခဲ့သည့် မြန်မာသင်္ဘောသားဦးဇေယျာမင်းအား ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဦးဇေယျာမင်းအား ဂျပန်နိုင်ငံမှ တာဝန်ရှိအဖွဲ့အစည်းများ၊ သက်ဆိုင်ရာသင်္ဘောကုမ္ပဏီကိုယ်စားလှယ်တို့နှင့် ဆက်သွယ်ကာလိုအပ်သည့် ထောက်ပံ့မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက် ပေးခဲ့ပြီး ဖေဖော်ဝါရီ(၈)ရက်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်၊၊

 

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ၂၅-၁-၂၀၂၃ ရက်နေ့ နံနက် ၀၂၃၀ အချိန်က မြန်မာသင်္ဘောသားများပါရှိသည့် Jin Tian အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ပြီးသင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံသား(၈) ဦးအနက် (၃) ဦးအား ဂျပန်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရှာဖွေတွေ့ရှိသူ (၃)ဦး အနက် (၂)ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး (၁)ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်၊၊

 

ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား(၅)ဦးအတွက် ရှာဖွေရေးလုပ်ငန်းများကို ယနေ့အချိန်အထိ ဂျပန်နိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများမှ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သော်လည်း ရေပြင်ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပြီး ဝေဟင်မှ ရှာဖွေမှုလုပ်ငန်းများကိုသာ ဆက်လက်ဆောင်ရွက်နေကြောင်းလည်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်၊၊

 

#ymg/tthl
#Yangon_Media_Group