#LocalNews
 
Published - 10 Oct 2021
 
မြေမြှုပ်မိုင်းတွေဟာ မြန်မာနိုင်ငံကပဋိပက္ခဒဏ်ခံစားရတဲ့ နေရာတွေမှာရှိနေတဲ့ ထိခိုက်လွယ်မိသားစုများစွာရဲ့ ဘဝတွေကို ခြိမ်းခြောက်လျက်ရှိပြီး ၂၀၂၁ခုနှစ် ၈လတာအတွင်း မြေမြုပ်မိုင်းကြောင့်လူ ၅၃ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ OCHAMyanmar ကထုတ်ပြန်လိုက်ပါတယ်။
 
၂၀၂၁ ခုနှစ် ဇန်နဝါရီ-ဩဂုတ်လအတွင်း ‌မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၉၀ ကျော်ရှိခဲ့ပြီး ၅၃ ဦးသေဆုံးခဲ့ကာ ၁၀၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ဟာ မိုင်းအန္တရာယ် အမြင့်မားဆုံးရှိနေတဲ့ နေရာတွေဖြစ်ပြီး‌ မိုင်းဒဏ်သင့်သေဆုံးဒဏ်ရာရမှု စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းဟာ အဆိုပါနေရာများတွင်ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
OCHAMyanmarရဲ့ ယခုတစ်ပါတ်သတင်းလွှာမှာတော့ စက်တင်ဘာလအတွင်းမှာလည်းပဲ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၊ အထူးသဖြင့်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းက အနီးပတ်ဝန်းကျင်မြိုနယ်တွေမှာ စိုးရိမ်ဖွယ်လုံခြုံရေးအခြေအနေဖြစ်နေပြီး ဖေဖေါ်ဝါရီလနောက်ပိုင်း တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ခန့်မှန်းခြေလူဦးရေ ၁၄၂,၀၀၀ ခန့်၊ အများစုဟာ ကယားပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရနေရတယ်လိုဆိုပါတယ်။
 
ဒါ့အပြင်သွားလာရေးအခက်အခဲ၊ လုံခြုံရေးနဲ့အခြားလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခက်အခဲတွေရှိတဲ့ကြားက WFP နဲ့ မိတ်ဖက်တွေဟာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပြီး ပဋိပက္ခဒဏ်ခံစားရတဲ့ နေရာတွေနဲ့ အခြားနေရာတွေမှာ အစားအစာနဲ့ ငွေကြေးအကူအညီပေးခြင်းကို ပြန်လည်စတင်နိုင်ခဲ့တယ်လိုသိရပါတယ်။
 
ရှမ်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်အစပိုင်းကတည်းက စုစုပေါင်း ၃၄,၀၀၀ ခန့်တိုက်ပွဲရှောင်ထွက်ပြေးခဲ့ကြရပြီး အခုအချိန်ထိ ၁၃,၃၈၀ ခန့် ယာယီစခန်းတွေမှာ နေထိုင်ရလျက်ရှိကာ ပြင်းထန်လာတဲ့ တိုက်ပွဲတွေ၊ အလုံးစုံလုံခြုံရေးအခြေအနေနဲ့ ကိုဗစ်-၁၉ နဲ့ဆက်စပ်နေတဲ့ ကန့်သတ်ချက်တွေကြောင့် ထိခိုက်လွယ်မိသားစုတွေထံသို့ လူသားချင်းစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေ ရောက်ရှိဖို့ခက်ခဲလျက်ရှိနေတယ်လို့သိရပါတယ်။
 
Financial Tracking System အရ စက်တင်ဘာ ၁၇ ရက်နေ့ကိန်းဂဏန်းများအရ လူသားချင်းစာနာမှုတုံပြန်ရေးအစီအစဉ် (HRP) မှတဆင့် တောင်းဆိုထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၆.၅ သန်းရဲ့ထက်ဝက်အောက်၊ အရေးပေါ်လူသားချင်း စာနာမှုဆိုင်ရာ တုံပြန်ဆောင်ရွက်ရေးအစီအစဉ် (Interim ERP) မှတဆင့် တောင်းဆိုထားတဲ့ ‌ဒေါ်လာ ၁၀၉ သန်းရဲ့ ၁၅ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့သိရပါတယ်။
 
#Yangon_Media_Group