Published 10 October 2021

အိန္ဒိယနိုင်ငံက လှူဒါန်းတဲ့ Covidshield ကာကွယ်ဆေး အကြိမ်ရေ(၁)သန်း မှ အောက်တိုဘာလ ၉ရက် နေ့ည ၉နာရီမိနစ်၄၀က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

အဆိုပါကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း (CentralColdRoom) တွင် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမည်ဖြစ်ပြီး ကာကွယ်ဆေးများ သိုလှောင်ထားရှိရာ၌ အအေးလမ်းကြောင်း စံချိန်စံညွန်းများနှင့်အညီ ထားရှိရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကြီးကြပ်စစ်ဆေး လမ်းညွန်ခြင်းများ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

သိုလှောင်ထားရှိတဲ့ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူ အညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွား မယ်လို့သိရပါတယ်။

ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမှာဖြစ်ပြီး အောက်တိုဘာလ၉ရက်နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm(၁၄)သန်း၊ Sinovac(၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီးဖြစ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses(၆)သန်းကျော်အားလည်း လက်ခံရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

COVID ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ၈ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၉၅၇၄၃၉၃)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ(၄,၀၈၃,၃၃၇) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၄၉၁,၀၅၆)ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၈-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ် ဆေး အကြိမ်ရေ စုစုပေါင်း (၁၃,၆၅၇,၇၃၀) ကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့သိရပါတယ်။