#World_Health
Published 13 January 2023

ညဘက်သောက်စားပြီး နောက်နေ့မှာ အရက်နာကျပြီး စိတ်မအီမသာဖြစ်နေတာမျိုး ကြုံဖူးကြမှာပါ။

 

စိုးရိမ်ပူပန်မှုလည်း ဖုံးလွှမ်းနေပြီး စိတ်ပိုင်းဆိုင်ရာသာမက နှလုံးခုန်မမှန်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်းတို့ ခံစားရတတ်ပါတယ်။

 

အရက်က ဦးနှောက်ရှိအာရုံကြောများကို သက်ရောက်နေပါတယ်။
လူမှုပေါင်းသင်းရေးအတွက် အရက်အနည်းငယ်သောက်ခြင်းဖြင့် အဆင်ပြေချောမွေ့စေနိုင်ပြီး စိတ်လက်ပြေပျောက်စေတဲ့ ဟော်မုန်းများထွက်ရှိစေပါတယ်။

 

ဒါပေမဲ့ အရက်အရှိန်ကုန်သွားရင်တော့ မူလအခြေအနေပြန်ရောက်သွားပြီး ဓာတုပစ္စည်းများရှုပ်ထွေးကုန်ကြပါတယ်။

 

သောက်ပြီးနောက်တစ်နေ့မှာ ဦးနှောက်က ဂလူတမိတ်ဓာတ်ကို ပြန်လည်ထိန်းညှိနေရာကနေ စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဆတ်ခြင်းတို့ ခံစားရတာ ဖြစ်ပါတယ်။

 

အရက်သေစာက စိတ်ငြိမ်ပြေလျော့စေတဲ့ အာနိသင်ရှိပြီး သောက်နေတဲ့အချိန်မှာ စိတ်ခံစားရသက်သာစေပေမယ့် ရပ်လိုက်တဲ့အခါ ဦးနှောက်က ထိန်းညှိလုပ်ဆောင်နေရကာ စိတ်မငြိမ်မသက်မခံသာဖြစ်ကြောင်း ယေးလ်တက္ကသိုလ်မှ စိတ်ပညာပရော်ဖက်ဆာ'အေရီယယ်ဘက်စ်ကင်ဆမ်းမား'က ပြောပြခဲ့ပါတယ်။

 

ဒါ့အပြင် အရက်သောက်တဲ့အခါ အန်ဒေါ်ဖင်ဟော်မုန်းများထွက်စေကာ ပျော်ရွှင်စိတ်၊ အကောင်းမြင်စိတ်တို့ ဖြစ်ပေါ်စေပါတယ်။

 

ဒါပေမဲ့ အန်ဒေါ်ဖင်ဟော်မုန်းများ ပြန်ကျတဲ့အချိန်မှာတော့ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်လို့ သတိပေးထားပါတယ်။

 

အရက်နာကျတဲ့အခါ သိသာတဲ့လက္ခဏာတွေက ခေါင်းကိုက်မူးဝေခြင်း၊ အလင်းရောင်တောက်တောက်နဲ့ ဆူညံသံတွေကို မခံသာခြင်းတို့အပြင် နဂိုကတည်းက ပူပန်တတ်သူတွေမှာ သောက်ပြီးနောက် ပိုမိုခံစားရတတ်ပါတယ်။

 

နှလုံးခုန်မြန်ခြင်း၊ ချွေးပြန်ခြင်း၊ ပူပန်စိုးရိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အပြင် အိပ်ချိန်မမှန်ဖြစ်ကာ ဆုံးဖြတ်ချက်ချခြင်း၊ သာမန်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်း၊ အာရုံစူးစိုက်ခြင်းတို့မှာပါ အခက်အခဲတွေရှိလာပါတယ်။

 

အလွန်အကျွံသောက်လေ့ရှိသူတွေဟာ ညကဖြစ်ခဲ့တာတွေကို မမှတ်မိတော့တာလည်း ဖြစ်လေ့ရှိပါတယ်။

 

အရက်နာကျခြင်းက ဘယ်လောက်အထိ ကြာကြာခံစားရသလဲဆိုတာ အသက်၊ ကိုယ်အလေးချိန်၊ သောက်နိုင်တဲ့ပမာဏ၊ ရေဓာတ်တို့အပေါ် မူတည်နေပါတယ်။

 

များသောအားဖြင့် တစ်ရက်လောက်ကြာတတ်ပေမယ့် ၂ ရက် ၃ ရက်လောက်ကြာရင်တော့ ခန္ဓာကိုယ်က တစ်ခုခုမှားယွင်းနေတဲ့သဘော ဖြစ်ပါတယ်။

 

အရက်နာကျခြင်းအတွက် အကောင်းဆုံးဖြေရှင်းခြင်းနည်းလမ်းက တိုင်းတာလျှော့သောက်ရန်ဖြစ်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group