#World_Health
Published 2 Jan 2023

ကိုယ်နဲ့အတူအိပ်တဲ့သူက အိပ်နေရင်း စကားပြောတာမျိုး၊ ပလုံးပထွေးရေရွတ်နေတာမျိုးကြောင့် မိမိကနိုးလာတာမျိုးရှိသလို မိမိကအိပ်နေရင်း စကားပြောလို့ ဘေးကလူနိုးသွားတာမျိုးရှိတတ်ကြပါတယ်။

 

ဒါပေမဲ့ မနက်အိပ်ရာနိုးတော့ ဘာတွေပြောခဲ့မိမှန်း မသိကြတော့ပါဘူး။
ဒါကို အိပ်နေစဉ်အာရုံကြောပုံမှန်မဟုတ်ခြင်း(Parasomnia)လို့ ခေါ်ပြီး အိပ်နေစဉ်စကားပြောခြင်း၊ လမ်းထလျှောက်ခြင်း၊ စားသောက်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ အံကြိတ်ခြင်းတို့ ပါဝင်ပါတယ်။

 

မစ္စစ္စပီပြည်နယ်တက္ကသိုလ်မှ စိတ်ပိုင်းဆိုင်ရာ တွဲဖက်ပရော်ဖက်ဆာဒေါက်တာ'မိုက်ကယ်နာဒေါ့ဖ်'က parasomnia မှာ REM နဲ့ non-REM ဆိုပြီးရှိကြောင်း ပြောပြခဲ့ပါတယ်။

 

REM အိပ်စက်ခြင်းအတွင်း ခန္ဓာကိုယ်မလှုပ်နိုင်တဲ့အချိန်မှာ အိပ်မက်ဆိုးမက်တတ်ပြီး ငြိမ်သက်စွာအိပ်စက်ခြင်း non-REM မှာတော့ အိပ်နေစဉ်လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ စားသောက်ခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

 

အိပ်ပျော်စဉ်စကားပြောခြင်းက အိပ်ရေးပျက်တဲ့သူတွေ ပုံမှန်အိပ်ချိန် မအိပ်မိတဲ့သူတွေမှာ အဖြစ်များပါတယ်။

 

ကလေးတဝက်ခန့်မှာလည်း အိပ်ပျော်စဉ်စကားပြောခြင်းဖြစ်ပွားလေ့ရှိကာ အရွယ်ရောက်ပြီးသူတွေမှာတော့ ၅ ရာခိုင်နှုန်းခန့်သာရှိပါတယ်။

 

အိပ်ချိန်ပုံမှန်အိပ်ခြင်း၊ ပုံမှန်အချိန်အတိုင်း အိပ်ရာဝင်ခြင်း အိပ်ရာထခြင်းပြုလုပ်ပေးကာ ဒီလက္ခဏာပျောက်ကင်းနိုင်ပါတယ်။

 

REM အိပ်စက်ခြင်းဖြစ်စဉ်ရောက်နေတဲ့သူကို နှိုးရတာလွယ်ကူပေမယ့် နှစ်ခြိုက်စွာအိပ်ပျော်နေသူကိုတော့ နှိုးရခက်ပါတယ်။

 

ဒီလိုမျိုးအိပ်နေတဲ့သူကို နှိုးတဲ့အခါ စိတ်အစဉ်မသင့်ဖြစ်နိုင်တာကြောင့် မနှိုးဘဲထားသင့်တယ်လို့ 'နာဒေါ့ဖ်'က အကြံပြုထားပါတယ်။

 

ဒီလက္ခဏာတွေသက်သာစေဖို့အတွက် ညဘက်နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် ပြုလုပ်သင့်သည်များကို အိုဟိုင်ယို ကလိဗ်လန်းဆေးခန်းက အကြံပြုလိုက်ပါတယ်။

 

- ပုံမှန်အိပ်ချိန်အတိုင်းအိပ်စက်ခြင်း

 

- တစ်ညကိုအိပ်ချိန် ၇ နာရီမှ ၉ နာရီထားရှိခြင်း

 

- အိပ်ရာမဝင်ခင် ၁ နာရီခန့် ကွန်ပျူတာ၊ ဖုန်း၊ တီဗီကြည့်ခြင်းမှ
ရှောင်ရှားခြင်း

 

- စိတ်ဖိစီးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ခြင်း

 

- အရက်သေစာသောက်စားမှု ထိန်းချုပ်ကန့်သတ်ထားရှိခြင်း

 

- ညမအိပ်ခင်အနည်းဆုံး ၆ နာရီထားကာ ကဖင်းဓာတ်သောက်သုံးမှုရှောင်ရှားခြင်း

 

- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း

 

- တိတ်ဆိတ်မှောင်မည်းတဲ့အိပ်ခန်း

 

- အပူချိန် ၁၅.၅ မှ ၁၉.၄ ဒီဂရီဆဲလ်စီးယပ်စ်ကြားထားရှိခြင်းတို့ ဖြစ်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group