#World_Military
Published 26 December 2022

ယူကရိန်းထံသို့ ထောက်ပံ့ပေးပို့ရန်ကတိပြုထားတဲ့ အမေရိကန်တို့ရဲ့ Patriot ဒုံးကျည်‌တွေကို ရုရှားတပ်များက ဖျက်ဆီးပစ်နိုင်မယ်လို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ကြောင်း ရုရှညးသမ္မတ'ဗလာဒီမာပူတင်'က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'ကို ပြီးခဲ့တဲ့ရက်ပိုင်းကမှ အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တဲ့အပြင် အမေရိကန်ကွန်ဂရက်လွှတ်တော်မှာလည်း 'ဇယ်လန်စကီ'ပြောကြားခွင့်ရခဲ့ပါတယ်။

 

ရုရှားက ယူကရိန်းကိုကျူးကျော်ခါစ လတွေမှာ နယ်မြေတွေသိမ်းပိုက်နိုင်ခဲ့ပေမယ့် ယူကရိန်းဘက်မှ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်လာတာ‌ကြောင့် ရုရှားတပ်များအနေနဲ့ နယ်မြေများစွာမှ ဆုတ်ခွာလာကြရပါတယ်။

 

ယူကရိန်းဟာ အနောက်နိုင်ငံများထံမှ ဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ အကူအညီများ ရရှိထားကာ ရုရှားကိုခုခံရာမှာ ထိရောက်မှုရှိပြီး နောက်ထပ်အကူအညီတွေလည်း ရရှိဦးမှာဖြစ်ပါတယ်။

 

တနင်္ဂနွေနေ့က 'ပူတင်'ပြောကြားရာမှာ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ ရုရှားဘက်က အဆင်သင့်ဖြစ်နေပေမယ့် ယူကရိန်းဘက်ကသာ ဆွေးနွေးဖို့ စိတ်မဝင်စားတာဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။

 

"လက်ခံနိုင်လောက်စရာ နည်းလမ်းများဖြင့် ပါဝင်ပတ်သက်သူတိုင်းနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကျုပ်တို့ကအသင့်ရှိနေပေမယ့် ယူကရိန်းအပေါ်သာ မူတည်ပါတယ်၊ ကျုပ်တို့က မညှိနှိုင်းချင်တာ မဟုတ်ပါဘူး၊ ယူကရိန်းကသာ ညှိမရဖြစ်နေတာပါ" လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

 

ပဋိပက္ခအများစုက ညှိနှိုင်းရင်း အဆုံးသတ်သွားကြပေမယ့် CIA ရဲ့ အကဲဖြတ်ချက်အရ ရုရှားတို့က စစ်ပွဲအဆုံးသတ်ဖို့ အတည်တကျဆွေးနွေးချင်တဲ့ပုံ မပေါ်ဘူးလို့ CIA ညွှန်ကြားရေးမှူး'ဝီလျံဘန်းစ်'က ယခုလအတွင်း ပြောကြားခဲ့ပါတယ်။

 

အမေရိကန်က ရုရှားကို အမှုန့်ကြိတ်ပစ်ဖို့ ကြိုးစား‌နေတာကြောင့် ရုရှားက ဖြစ်သင့်တာကို လုပ်ဆောင်နေရတာဖြစ်တယ်လို့ 'ပူတင်'က ဆိုပါတယ်။

 

ရုရှားပြိုလဲဖို့ စီစဉ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆန်ခဲ့ပါတယ်။

 

Source: WION
#Yangon_Media_Group