#World_Health
Published 22 November 2022

 

သာမန်ဖြစ်နေကျ လည်ချောင်းရောင်ခြင်းက‌နေ တိတ်တဆိတ်ဒုက္ခပေးနေတဲ့ ရောဂါတစ်ခုအကြောင်း ဆရာဝန်များသတိပေးလိုက်ပါတယ်။

 

Non-Hodgkin's lymphoma လို့ခေါ်တဲ့ ကိုယ်တွင်းထွက်အရည်ကြည်(သငံရည်)ကြိတ်များမှာ အကြိတ်ဖြစ်ပေါ်ခြင်းရောဂါဟာ ဆဌမမြောက်အဖြစ်အများဆုံး ကင်ဆာတစ်မျိုးဖြစ်ပေမယ့် အတော်များများက လက္ခဏာများကို သတိမထားမိကြပါဘူး။

 

ဂရေဟမ်စတယ်လင် ၃ ယောက်ရဲ့အဖေဖြစ်သူဟာ အဆိုပါဝေဒနာခံစားနေရပြီး အခြားသူများကိုလည်း သူ့ရဲ့လက္ခဏာများအတိုင်း ပေါ်ပေါက်ပါက စစ်ဆေးကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

 

အသက် ၆၂ နှစ်ရှိ အဆိုပါပုဂ္ဂိုလ်ဟာ ၂၀၂၀ မေလတုန်းက လည်ချောင်းနာဝေဒနာခံစားခဲ့ရပြီး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။

 

စကော့တလန်မှ စီမံခန့်ခွဲရေးအကြံပေးအရာရှိဟာ သာမန်နာမကျန်းဖြစ်ခြင်းကနေ သက်သာလာပေမယ့် non-Hodgkin's lymphoma ရောဂါရှိနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

လည်ပင်းမှာ အဖုအကြိတ်တစ်ခုတွေ့ကာ ပြနေကျဆရာဝန်ထံ ပြသခဲ့ပါတယ်။

 

တဖြည်းဖြည်းနဲ့ သငံရည်အဖုက ဖူးရောင်လာကာ ဂရေဟမ်ဟာ ကင်ဆာရောဂါဆိုးဖြစ်နေတယ်လို့ သိရှိလာရပါတယ်။

 

ဂရေဟမ်က Daily Record ကို ပြောကြားခဲ့ရာမှာ "လူက ကျန်းမာပြီးနေထိုင်ကောင်းနေတော့ အဲဒီတုန်းက ဘာမှမစဉ်းစားမိပါဘူး၊ ဒါပေမဲ့ လည်ချောင်းနာပြီး အိပ်ရာနိုးလာတော့ ပိုးသတ်ဆေးတွေဖြန်းခဲ့ပါတယ်၊ နောက်တော့ လည်ပင်းညာဘက်မှာ အဖုကြိတ်ထွက်လာပါတယ်၊ အာသီးက အတော်လေးရောင်နေတာလို့ပဲ ထင်ခဲ့မိတယ်" လို့ ဆိုပါတယ်။

 

ဝေးလ်စ်တက္ကသိုလ်ဆေးရုံမှ 'ချားလော့ဘလက်ဒ်ဝေါ့'က "သငံရည်အကြိတ်ဖြစ်ခြင်းဟာ အခြားကင်ဆာတွေလောက် မသိသာတာကြောင့် လက္ခဏာတွေဖြစ်လာရင် သတိထားမိဖို့လိုပါတယ်၊ ကြာမှသိရတဲ့အခါ ကုသရတာပိုမိုခက်ခဲလာပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ကိုဗစ်ကပ်ရောဂါကြောင့် ဂရေဟမ်ဟာ ကုသမှုခံယူဖို့ အချိန်စောင့်ဆိုင်းခဲ့ရပြီး အခုဆိုရင် ပေါင်ခြံနေရာမှာပါ အဖုကြိတ်တွေ ထွက်လာပါပြီ။

 

ပြင်းထန်တဲ့ကုသမှုခံယူရချိန်မှာ ကင်ဆာဖြစ်တာထက်ကို ပိုပြီးခံစားရစေပါတယ်။

 

ဓာတုကုထုံးကုသနေချိန် ကြားကာလရောက်တော့မှ နာမကျန်းဖြစ်ခြင်းကို စတင်ခံစားလာရကြောင်း၊ ကုသမှုအောင်မြင်နှုန်း ၅၀ ကနေ ၆၀ ရာခိုင်နှုန်းခန့်ရှိပေမယ့် အောင်မြင်ခဲ့ရင်တောင် ပြန်ဖြစ်ဖို့က ၃၅ ရာခိုင်နှုန်းလောက်ရှိနေသေးကြောင်း၊ ကင်ဆာကို ခဏတာထိန်းချုပ်ထားနိုင်ပေမယ့် ကုသ၍မရကြောင်း ပြောကြားခဲ့ပါတယ်။

 

ထိုရောဂါအတွက် ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတွေကတော့..

 

- ဝမ်းဗိုက်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း

 

- လည်ချောင်းနာခြင်း

 

- လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတို့မှာ သငံရည်အကြိတ်ဖူးရောင်လာခြင်း

 

- ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း

 

- နေ့စဉ်ရက်ဆက်နွမ်းနယ်ခြင်း

 

- ကိုယ်ပူခြင်း၊ ညဘက်ချွေးပြန်ခြင်း

 

- အကြောင်းမဲ့ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း

 

သငံရည်အကြိတ်ရောင်ရမ်းခြင်းကင်ဆာကို တွေ့ရှိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အသားစစစ်ဆေးကြည့်ရှုခြင်းပါပဲ။

 

ကုသမှုအနေနဲ့ ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်ကုထုံးတို့ဖြင့် ကုသနိုင်ပါတယ်။

 

Source: The Sun
#Yangon_Media_Group