#Ukraine_Crisis
Published 22 November 2022

 

ယူကရိန်းနိုင်ငံသားတွေအနေနဲ့ အနည်းဆုံးမတ်လကုန်လောက်အထိ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကြုံတွေ့ရနိုင်ဖွယ်များနေကြောင်း အဓိကစွမ်းအင်ထုတ်လွှတ်ရေးလုပ်ငန်းရဲ့ အကြီးအကဲတစ်ဦးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

အစိုးရကတော့ ခါဆန်မှာရှိတဲ့လူတွေကို အခြားဒေသများသို့ စတင်ရွှေ့ပြောင်းပေးနေပါပြီ။

 

ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံ တဝက်ခန့် ထိခိုက်ပျက်စီးခဲ့ရကြောင်း သမ္မတ'ဇယ်လန်စကီ'က ပြောကြားခဲ့ပါတယ်။

 

ဆောင်းရာသီဝင်ရောက်လာပြီး အပူချိန်ရေခဲမှတ်အောက်ကျရောက်လာတဲ့အချိန်မှာ သန်းနဲ့ချီသောပြည်သူတွေ လျှပ်စစ်ဓာတ်အားနဲ့ ရေမရရှိဘဲဖြစ်နေပါတယ်။

 

မြို့တော်ကိဗ်အတွက် အဓိကစွမ်းအင်ထုတ်လွှတ်ရေး YASNO ရဲ့ အကြီးအကဲဖြစ်သူ'ဆာဂျီကိုဗာလန်ကို'က အလုပ်သမားများအနေနဲ့ ဆောင်းရာသီအအေးလှိုင်းမရောက်ခင် အလုံးစုံပြုပြင်ပြီးစီးရန် အားချင်းလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

 

"အားလုံးကိုနားလည်ထားစေချင်တာက ယူကရိန်းပြည်သူတွေ အနည်းဆုံးမတ်လကုန်အထိ လျှပ်စစ်ဓာတ်အားမရရှိဘဲ နေရဖွယ်ရှိနေပါတယ်" လို့ 'ကိုဗာလန်ကို'က ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံအနှံ့မှာ နေ့စဉ်နဲ့အမျှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေပြီး အင်္ဂါနေ့အတွက်လည်း ထပ်မံပြတ်တောက်မှုတွေ စီစဉ်ထားကြောင်း ဓာတ်အားအော်ပရေတာယူခရီနာဂိုက ကြေညာထားပါတယ်။

 

မကြာသေးမီကမှ ရုရှားလက်မှလွတ်မြောက်ထားတဲ့ ခါဆန်မြို့မှာ လျှပ်စစ်နဲ့ရေမရရှိဘဲဖြစ်နေပြီး မြို့ထဲကလူတွေကို အခြေအနေပိုမိုကောင်းမွန်တဲ့ အရပ်ဆီရွှေ့ပြောင်းဖို့နဲ့ အခမဲ့နေထိုင်ရေးအတွက် အစိုးရကကြေညာထားပါတယ်။

 

သမ္မတက ယူကရိန်းပြည်သူများအနေနဲ့ စွမ်းအင်ချွေတာသုံးစွဲဖို့ သတိပေးလိုက်ကာ နေ့ခင်းပိုင်းတွေမှာ လျှော့ချသုံးစွဲဖို့ တနင်္လာနေ့က တိုက်တွန်းလိုက်ပါတယ်။

 

စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရုရှားတို့တိုက်ခိုက်ရခြင်းနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခြင်းတွေဟာ ယူကရိန်းက ဆွေးနွေးညှိနှိုင်းဖို့ ဆန္ဒမရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ရုရှားစစ်အစိုးရဌာနမှ ပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က TASS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

မြို့တော်ကိဗ်အပါအဝင် ယူကရိန်းအချို့ဒေသတွေမှာ အပူချိန်က ရေခဲမှတ်အောက်ကျရောက်နေပါပြီ။

 

ကာလကြာမြင့်သည်အထိ ဓာတ်အားပြတ်တောက်နိုင်တဲ့အပြင် အခြားအကြောင်းအရာများအတွက်လည်း တိုင်းပြည်အနေနဲ့ပြင်ဆင်ထားသင့်ကြောင်း 'ကိုဗာလန်ကို'က မှာကြားလိုက်ပါတယ်။

 

အအေးဒဏ်ခံနိုင်ဖို့ အနွေးထည်များ၊ ခြုံစောင်များကို အခုကတည်းက စုဆောင်းထားသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group