#World_Military
Published 8 November 2022

 

ရုရှားတို့ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ရန် အမြှောက်ကျည်များကို မြောက်ကိုရီးယားက ထောက်ပံ့နေဟန်ရှိကြောင်း အမေရိကန်တို့စွပ်စွဲလိုက်ပြီးနောက် မြောက်ကိုရီးယားက ရုရှားနဲ့ လက်နက်ထောက်ပံ့ရောင်းဝယ်ခြင်းမရှိကြောင်း၊ ထိုကဲ့သို့ပြုလုပ်ရန်လည်း အစီအစဉ်မရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။

 

မြောက်ကိုရီးယားက ရုရှားကို အမြှောက်ကျည်အများအပြား လျှို့ဝှက်စွာထောက်ပံ့ပေးနေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေ အမေရိကန်ကရရှိထားကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ 'ဂျွန်ကာဘီ'က ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

 

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကရှိ နိုင်ငံများမှတဆင့် ဖြတ်သန်းတင်ပို့မှုများကို မြောက်ကိုရီးယားက ဖုံးကွယ်ရန်ကြိုးပမ်းနေပြီး တင်ပို့မှုများ လက်ခံရယူခြင်းရှိ/မရှိ အမေရိကန်က စောင့်ကြည့်နေကြောင်း 'ကာဘီ'ကဆိုပါတယ်။

 

စွပ်စွဲချက်တွေကို မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ငြင်းပယ်လိုက်ကာ ရုရှားနဲ့ ဘယ်တုန်းကမှ လက်နက်ရောင်းဝယ်ခြင်း မပြုလုပ်ခဲ့ကြောင်း၊ နောင်လည်း ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း ပြောကြားလိုက်ပါတယ်။

 

"အမေရိကန်က မြောက်ကိုရီးယားကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ တရားမဝင်ချမှတ်ပြီး နိုင်ငံတကာမှာ မြောက်ကိုရီးယားရဲ့ ဂုဏ်သိက္ခာကိုဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့သာ ကျုပ်တို့ကသတ်မှတ်ပါတယ်" လို့ မြောက်ကိုရီးယားမှ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲကြောင့် ရုရှားကို ပိုမိုရှောင်ကြဉ်လာကြတဲ့အချိန်မှာ ဘယ်လိုလက်နက်အပေးအယူပဲ ပြုလုပ်သည်ဖြစ်စေ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ဆက်ဆံရေးပိုမိုခိုင်မြဲလာမယ့်သဘော သက်ရောက်နေပါတယ်။

 

ယူကရိန်းခွဲထွက်ရေးဒေသတွေရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့ နိုင်ငံအနည်းငယ်ထဲမှာ မြောက်ကိုရီးယားလည်းပါဝင်ပြီး ယူကရိန်းကွဲထွက်ရေးဒေသတွေကို ရုရှားက သိမ်းပိုက်ကြောင်းကြေညာချက်ကိုလည်း မြောက်ကိုရီးယားက ထောက်ခံကြောင်းပြသခဲ့ပါတယ်။

 

"ယူကရိန်းစစ်ပွဲကို အခွင့်ကောင်းယူပြီး မြောက်ကိုရီးယားက ရုရှားနဲ့ ဆက်ဆံရေးပိုမိုနီးစပ်အောင် ပြုလုပ်နေတာ သိသာထင်ရှားပါတယ်" လို့ အမေရိကန်အခြေစိုက် နိုင်ငံတကာလေ့လာမှုနဲ့ ဗျူဟာမြောက်စင်တာမှ 'ဗစ်တာချာ'က ကြေညာခဲ့ပါတယ်။

 

'ကာဘီ'ရဲ့မှတ်ချက်များအရ အမေရိကန်ဟာ လက်နက်တင်ပို့မှုများကို စောင့်ကြည့်သွားမှာဖြစ်ပေမယ့် စစ်ပွဲအပေါ် သိသိသာသာ ထိရောက်စေမှာလားဆိုတာ မသိတဲ့အတွက် ဝင်ရောက်နှောင့်ယှက်မှာတော့ မဟုတ်ကြောင်း သိရပါတယ်။

 

စစ်ရေးပဋိပက္ခများမဖြစ်စေရန် ပါဝင်ပူးပေါင်းချင်တဲ့နိုင်ငံများနဲ့ ပူးပေါင်းကာ ကုန်ပစ္စည်းများကို အကောက်ခွန်မှာ ထိန်းသိမ်းထားနိုင်ကြောင်း 'ဗစ်တာချာ'က ပြောပြသွားပါတယ်။

 

Source: Reuters
#Yangon_Media_Group