#World_Technology
Published 5 November 2022

 

နာမည်ကြီးဆိုရှယ်မီဒီယာ တွစ်တာ(Twitter)ကုမ္ပဏီဟာ သောကြာနေ့က ဝန်ထမ်းအင်အားတဝက်ခန့် လျှော့ချလိုက်ပြီး သတင်းမှားပျံ့နှံ့မှုတားဆီးရေးတာဝန်ရှိတဲ့ ဝန်ထမ်းအဖွဲ့မှာတော့ အနည်းငယ်သာလျှော့ချခဲ့ကြောင်း ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

 

ဖော်ပြမှုအကြောင်းအရာထိန်းချုပ်ချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုများမြင့်တက်နေတဲ့အချိန်မှာ ကြော်ငြာရှင်တွေကလည်း တွစ်တာထံကနေ နောက်ဆုတ်နေကြပြီဖြစ်ပါတယ်။

 

ဆက်သွယ်ရေး၊ ဖော်ပြမှုအကြောင်းအရာ ပြုပြင်ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး၊ ဉာဏ်ရည်တုစတဲ့ အသင်းအဖွဲ့တွေဟာ ထုတ်ကုန်နဲ့ အင်ဂျင်နီယာအဖွဲ့တွေလိုပဲ ပျက်စီးသွားပြီဖြစ်ကြောင်း တွစ်တာကုမ္ပဏီမှဝန်ထမ်းတစ်ဦးက တွစ်တာမှာဖော်ပြထားပါတယ်။

 

အဆိုပါအခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း အတော်လေးဖရိုဖရဲဖြစ်နေပြီး တွစ်တာကုမ္ပဏီရဲ့အနာဂတ်ဟာ ပိုင်ရှင်အသစ်'အီလွန်မက်စ်'လက်ထက်မှာ မရေရာမှုများရှိလာပါတယ်။

 

ကြော်ငြာရှင်များကလည်း နောက်ဆုတ်သွားတာကြောင့် ကုမ္ပဏီရဲ့ဝင်ငွေများစွာ ကျဆင်းသွားရတယ်လို့ 'အီလွန်မက်စ်'က သောကြာနေ့မှာ တွစ်တာမှာဖော်ပြခဲ့ပါတယ်။

 

အခုလိုဆုံးရှုံးရမှုများအတွက် အရပ်ဘက်အခွင့်အရေးဆိုင်ရာ စုပေါင်းအဖွဲ့ကို 'မက်စ်'က အပြစ်တင်လိုက်ပါတယ်။

 

'မက်စ်'အနေနဲ့ ဖော်ပြမှုအကြောင်းအရာတွေကို ထိန်းချုပ်ဖို့ မကာကွယ်ပေးနိုင်ဘူးဆိုပါက တွစ်တာမှ အဓိကကြော်ငြာရှင်တွေအနေနဲ့ ထိရောက်တဲ့လုပ်ဆောင်မှုဆောင်ရွက်ရန် အခွင့်အရေးဆိုင်ရာအဖွဲ့က ဖိအားပေးနေပါတယ်။

 

အင်္ဂါနေ့မှာ ပြုလုပ်မယ့် ကွန်ဂရက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အခုလိုစိုးရိမ်စရာတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။

 

'မက်စ်'က ဝန်ထမ်းလျှော့ချခြင်းနဲ့ပတ်သက်ပြီး တွစ်တာမှာဖော်ပြရာမှာ ကုမ္ပဏီအနေနဲ့ တစ်ရက်ကို ဒေါ်လာ ၄ သန်းလောက်ဆုံးရှုံးနေရပြီး အလုပ်ထုတ်ခံရတဲ့သူတွေကိုလည်း လျော်ကြေး ၃ လစာပေးဆောင်ခဲ့ရကြောင်း ဆိုပါတယ်။

 

ဒီမတိုင်ခင်က ကုမ္ပဏီဟာ ဝန်ထမ်းလျှော့ချခြင်းနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့ပေမယ့် အချက်အလက်စောင့်ထိန်းရေးနှင့် လုံခြုံရေးအကြီးအကဲ'ယိုအယ်ရော့သ်'က ကုမ္ပဏီဝန်ထမ်းအင်အားတဝက်ခန့်မျှရှိတဲ့ ၃,၇၀၀ ဦးရေကို လျှော့ချလိုက်ကြောင်း အတွင်းရေးကိစ္စများကို တွစ်တာမှာဖော်ပြခဲ့ပါတယ်။

 

ထိုထဲမှာမှ ဆန်ဖရန်ဆစ္စကိုရုံးချုပ်မှ ဝန်ထမ်း ၇၈၄ ဦး၊ ဆန်ဟိုဆေးနဲ့ လော့စ်အိန်ဂျလိစ်တို့မှ ၁၉၉ ဦးတို့ပါဝင်ပါတယ်။

 

သတင်းမှားပျံ့ပွားရေးနဲ့ အခြားမသင့်တော်တဲ့ အကြောင်းအရာများ ထိန်းချုပ်ခြင်းတို့အတွက် တာဝန်ရှိတဲ့အဖွဲ့မှာတော့ ၁၅ ရာခိုင်နှုန်းသာ ဝန်ထမ်းလျှော့ထားတာကြောင့် ကုမ္ပဏီရဲ့ပင်မသတ်မှတ်ချက်များအတိုင်း ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

 

'မက်စ်'ရဲ့အဖွဲ့က ဖော်ပြပါအကြောင်းအရာများ ထိန်းချုပ်ခြင်းစည်းမျဉ်းနဲ့ပတ်သက်ပြီး ပြောင်းလဲမှုမလုပ်ခဲ့ဘဲ အဖွဲ့တွေကျေနပ်အောင် အားလုံးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

Source: Reuters
#Yangon_Media_Group