#World_Health
Published 30 October 2022

 

ကမ္ဘာပေါ်မှာ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဆက်နွယ်နေတဲ့ ရောဂါပေါင်း ၁၀၀ ကျော်ရှိတယ်လို့ အမေရိကန်အဆစ်အမြစ်ရောင်ရောဂါအဖွဲ့အစည်းက ဖော်ပြထားပါတယ်။

 

အသက်အရွယ်ကြောင့် ထိပါးလာတဲ့ အရိုးအဆစ်ရောင်ရမ်းခြင်းဝေဒနာက အခုအချိန်ထိတော့ အဖြစ်အများဆုံးရောဂါဖြစ်နေပါတယ်။

 

အသက်အရွယ်ကြီးလာတာနဲ့အမျှ အဆစ်အမြစ်တွေဟာ ထိခိုက်ပွန်းပဲ့လာပြီး အဓိကအဆစ်နေရာတွေ ထိပါးလာကာ အိတ်စ်ရေး သို့မဟုတ် MRI စကင်တို့မှာ တွေ့ရှိနိုင်ပါတယ်။

 

အရိုးအဆစ်ထဲက အရွတ်တွေဆုံးရှုံးလျော့ပါးလာတဲ့အခါ အဆစ်ကြားက ကူရှင်ပြားတွေဟာ ဆုတ်ယုတ်လာပြီး အရိုးချင်းပွတ်တိုက်မိကုန်တာကို စကင်ရိုက်တဲ့အခါ အရိုးကြား အရွတ်နေရာနည်းပါးလာတာကို တွေ့မြင်နိုင်ပါတယ်။

 

လေးဘက်နာကတော့ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကာ ရောဂါခုခံအားစနစ်က အဆစ်တွေကို တိုက်ခိုက်လာလို့ ဖြစ်ရတာပါ။

 

အရိုးအဆစ်ရောင်ရမ်းခြင်းကြောင့် ဒူးနေရာက အထိခိုက်ခံရဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုတွေမှာ မသွားနိုင်မလာနိုင်ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။

 

အရိုးအဆစ်ရောင်ရတဲ့အချက်ထဲမှာ ကိုယ်အလေးချိန်တိုးလာခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ပြီး အမျိုးသမီးများ မီးယပ်သွေးဆုံးချိန်မှာ ဖြစ်လာတတ်ကြပါတယ်။

 

ထခြင်း ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းတို့မှာ ဒူးနဲ့တင်ပါးဆုံတို့က အဓိကလှုပ်ရှားရတာကြောင့် အထိခိုက်ခံရဆုံးနေရာတွေဖြစ်ပါတယ်။

 

လမ်းလျှောက်တဲ့အခါ စီးတဲ့ဖိနပ်ကလည်း အရိုးအဆစ်တွေကြားပွတ်တိုက်မှုနဲ့ သက်ဆိုင်နေပြီး ဒေါက်မြင့်ဖိနပ်စီးခြင်းကလည်း ဝေဒနာဖြစ်နိုင်တဲ့ဆီ ဦးတည်နေပါတယ်။

 

အဆစ်အမြစ်ရောင်ရမ်းခြင်းက မသိသာဘဲ ဖြစ်ပွားနေတတ်တာကြောင့် ငယ်ရွယ်သူများလည်း သတိထားသင့်ပါတယ်။

 

အရိုးအဆစ်ကျန်းမာရေးထိန်းသိမ်းတဲ့နေရာမှာ အစားအစာကလည်း အရေးကြီးပြီး ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာစားသုံးဖို့ ဟောင်ကောင်မှ အဟာရပညာရှင်'မစ်ရှဲလ်လောင်'က အကြံပြုထားပါတယ်။

 

ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကုသနည်းခံယူခြင်း၊ နာကျင်ကိုက်ခဲပျောက်ဆေးသုံးစွဲခြင်း၊ ရေကူးခြင်းတို့ဖြင့် အရိုးအဆစ်ထိခိုက်ခြင်းကို လျော့ပါးစေနိုင်ပါတယ်။

 

အဆစ်အမြစ်ရောင်ရောဂါကြောင့် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပြီး ကမ္ဘာ့အရိုးအဆစ်ရောင်ရောဂါအဖွဲ့အစည်းကလည်း လူနာရှင်တွေအနေနဲ့ ရောဂါခံစားနေရတာ ကိုယ်တစ်ယောက်တည်းမဟုတ်ကြောင်း သိရှိစေချင်တယ်လို့ အားပေးထားပါတယ်။

 

Source: SCMP
#Yangon_Media_Group