#World_Military
Published 27 October 2022

 

အမေရိကန်ရေတပ်နဲ့ စစ်တပ်တို့ဟာ ဗုဒ္ဓဟူးနေ့က အသံထက် ၅ ဆမြန်တဲ့လက်နက်စမ်းသပ်မှု တစ်ဒါဇင်နီးပါးကိုစမ်းသပ်ရန် ဗာဂျီးနီးယားရှိ ပင်လယ်ကမ်းစပ်တစ်ခုကနေ ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ပါတယ်။


ဒါဟာ လက်နက်အမျိုးအစားအသစ်ထုတ်လုပ်ရန် အထောက်အကူဖြစ်ခဲ့ပြီး စမ်းသပ်မှုအောင်မြင်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်လိုက်ပါတယ်။

 

ဆန်ဒီယာအမျိုးသားဓာတ်ခွဲခန်းဟာ ဗာဂျီးနီးယားရှိ နာဆာ(NASA)ရဲ့ ဝေါလော့ပ်စ်ဖလိုက်စခန်းကနေ စမ်းသပ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

ဒီစမ်းသပ်မှုအတွင်း အသံထက်အလွန်မြန်လက်နက်ရဲ့ ဆက်သွယ်ချိတ်ဆက်နိုင်စွမ်းများ၊ လမ်းကြောင်းပြကိရိယာများအပြင် လက်တွေ့ဆန်တဲ့ အသံထက်အလွန်မြန်ကိရိယာရဲ့ အပူဒဏ်ကိုခံနိုင်မယ့် အဆင့်မြင့်ပစ္စည်းများကိုပါ အကဲဖြတ်ခဲ့ကြောင်း နာဆာက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

လေထုအပေါ်ပိုင်းက ဒုံးကျည်ကနေ အသံထက်အလွန်မြန်တဲ့ လျှောထွက်ယာဉ်များလွှတ်တင်ပြီးနောက် အသံထက် ၅ ဆမြန်တဲ့နှုန်း တစ်နည်းအားဖြင့် တစ်နာရီကို ၆,၂၀၀ ကီလိုမီတာနှုန်းဖြင့် ပစ်မှတ်ဆီ ပျံသန်းသွားပါတယ်။

 

အမေရိကန်နဲ့ တစ်ကမ္ဘာလုံးရှိပြိုင်ဘက်များက အသံထက်မြန်လက်နက်များကို အရေးတကြီးအလျင်အမြန် ထုတ်လုပ်လာကြကာ ရန်သူရဲ့နည်းပညာများကို အနိုင်ရမယ့် အဆင့်မြင့်လက်နက်များရရှိရန် ကြိုးပမ်းလာကြပါတယ်။

 

စမ်းသပ်ထုတ်လုပ်မှုကို အရှိန်မြှင့်တဲ့အနေနဲ့ ပင်တဂွန်ဟာ မြေပြင်စမ်းသပ်မှုနဲ့ စနစ်အပြည့်အဝပျံသန်းခြင်းတို့အကြား အရေးပါတဲ့ကွာဟချက်တစ်ခုကို ဖြည့်ဆည်းနိုင်ရန် ပိုမိုသေးငယ်တဲ့စမ်းသပ်ယာဉ်ကို အသုံးပြုပြီး ရှေ့ပြေးပုံစံများနဲ့ စမ်းသပ်လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က စမ်းသပ်မှုဟာ အမေရိကန်ရေတပ်နဲ့ စစ်တပ်တို့ရဲ့ ပစ်ခတ်နိုင်မှုစွမ်းအားအလားအလာကို အတည်ပြုစစ်ဆေးနိုင်ရန် ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

 

ဒုံးကျည်လျှောထွက်ယာဉ်တွေဟာ မူလလက်နက်အမျိုးအစားနဲ့ ကွဲပြားနေကာ အသံထက်မြန်တဲ့အရှိန်နဲ့ ပျံသန်းနိုင်စေရန် လောင်ကျွမ်းခြင်းမပြုမီ အဝင်လေကိုဖိသိပ်မယ့် scramjet အင်ဂျင်နည်းပညာနဲ့ ယာဉ်ရဲ့မြန်နှုန်းမြင့်စွမ်းအားကို အသုံးပြုထားတာဖြစ်ပါတယ်။

 

အမေရိကန်ရဲ့ အသံထက်အလွန်မြန်တဲ့ လက်နက်များအတွက် Lockheed Martin နဲ့ Raytheon Technologies ကုမ္ပဏီတို့က လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group