#World_Lifestyle
Published 18 October 2022

 

သူငယ်ချင်း၊ မိသားစုဆွေမျိုးများနဲ့ ပြောဆိုဆက်ဆံခြင်းမျိုးက မှတ်ဉာဏ်ချို့ယွင်းခြင်း အခြေအနေကို သက်သာစေနိုင်တယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

 

ထိုကဲ့သို့ လူမှုပေါင်းသင်းဆက်ဆံရာမှာ လူချင်းမတွေ့နိုင်ရင်တောင် အွန်လိုင်းမှ Zoom(ဇူးမ်)ဖြင့် ဆက်သွယ်ပြောဆိုခြင်းကလည်း ထိရောက်မှုရှိစေပါတယ်။

 

အသက် ၇၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို လေ့လာမှုပြုလုပ်ခဲ့ပါတယ်။

 

သူတို့ကို တစ်ပတ်အတွင်း Zoom ကနေ မိနစ် ၃၀ ကြာစကားပြောဆိုမှု ၄ ကြိမ်ပြုလုပ်ခဲ့ရာ မှတ်ဉာဏ်ချို့ယွင်းမှုနဲ့ပတ်သက်ပြီး ဦးနှောက်ရဲ့စွမ်းရည်တိုးတက်လာကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

မှတ်ဉာဏ်လက်ကျန်စွမ်းဆောင်ရည် တိုးတက်အောင်ပြုလုပ်ခြင်းက dementia ကို ကုသကာကွယ်တာမျိုးမဟုတ်ပေမယ့် ဦးနှောက်ရဲ့ ဆက်သွယ်မှုစွမ်းရည်ကို တိုးများလာစေတာဖြစ်ပါတယ်။

 

"ကျွန်မတို့ရဲ့ဦးနှောက်က ကွန်ရက်တွေချိတ်ဆက်ထားတာနဲ့ တူပါတယ်၊ များများချိတ်ဆက်ထားမယ်ဆိုရင် အချို့အပိုင်းတွေ အလုပ်မလုပ်နိုင်ပေမယ့်လည်း ကျန်တဲ့အစိတ်အပိုင်းတွေက လုပ်ဆောင်ပေးနိုင်ပါတယ်၊ ဒါကြောင့် အသိဉာဏ်စိတ်ကို လှုံ့ဆော်ပေးခြင်းဖြင့် ချိတ်ဆက်မှုကောင်းမွန်စေပါတယ်" လို့ မာဆာချူဆက်ဆေးရုံ ဦးနှောက်စင်တာမှ ပရော်ဖက်ဆာ'ဟီရိုကိုဒေါ့ဂျ်'က ပြောပြသွားပါတယ်။

 

ဦးနှောက်ထဲရှိဆဲလ်တွေကြား မကောင်းတဲ့အရာတွေ ကပ်ညှိပြီးတော့ မှတ်ဉာဏ်ကျဆင်းမှုဖြစ်စေတယ်ဆိုရင်တောင် ကျန်တဲ့အစိတ်အပိုင်းတွေနဲ့ ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

 

စမ်းသပ်တဲ့အခါ သက်ကြီးရွယ်အိုတွေကို တက်ဘလက်များပေးထားကာ တစ်ပတ်အတွင်း Zoom ကနေ မိနစ် ၃၀ ပြောဆိုမှု ၄ ကြိမ်ပြုလုပ်စေပြီး ၆ လကြာတဲ့အထိ လုပ်ခိုင်းခဲ့ပါတယ်။

 

အဲဒီနောက် နောက်ထပ် ၆ လကြာတဲ့အထိ တစ်ပတ်ကို မိနစ် ၃၀ စာ ၂ ကြိမ်ပြောဆိုခိုင်းပြီး သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးအခြေအနေကို အပတ်စဉ် ၁၀ မိနစ်ခန့်စစ်ဆေးစောင့်ကြည့်ခဲ့ပါတယ်။

 

Zoom နဲ့ ပြောဆိုခြင်းမရှိတဲ့ စမ်းသပ်ခံအဖွဲ့ကတော့ မှတ်ဉာဏ်စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး Zoom နဲ့ပြောဆိုခဲ့သူတွေကတော့ တိုးတက်လာခဲ့ပါတယ်။

 

လူချင်းတွေ့ပေါင်းသင်းဆက်ဆံတာက မှတ်ဉာဏ်စွမ်းဆောင်ရည်တိုးတက်စေသလို အွန်လိုင်းကနေ ပြောဆိုခြင်းကလည်း ထိရောက်မှုရှိတယ်လို့ ဒေါ့ဂျ်ရဲ့လေ့လာမှုမှာ ဖော်ပြထားပါတယ်။

 

Zoom ဖြင့်ပြောဆိုခြင်းက မျက်နှာပါ မြင်တွေ့နိုင်တာကြောင့် အသုံးဝင်နိုင်စေတယ်လို့ ယုံကြည်နေကြပါတယ်။

 

ဒါပေမဲ့ လူချင်းတွေ့ပြောဆိုခြင်းနဲ့ အွန်လိုင်းကနေပြောဆိုခြင်းတို့ကြား ကွာခြားချက်ကို ခွဲခြားသိရှိဖို့လည်း လိုအပ်ပါသေးတယ်။

 

"လူချင်းတွေ့တာက ပိုကောင်းတယ်လို့ယူဆကြပေမယ့် ရုပ်သံကြည်လင်ပြတ်သားပြီး ဖန်သားမျက်နှာပြင်ကြီးတဲ့ကိရိယာနဲ့ဆိုရင် လူချင်းတွေ့သလိုခံစားရစေနိုင်တယ်လို့ ဆိုပါတယ်။

 

အချို့သက်ကြီးရွယ်အိုတွေက ဒီဂျစ်တယ်နည်းပညာတွေနဲ့ မရင်းနှီးတာကြောင့် သူတို့အတွက် အသုံးပြုရလွယ်ကူမယ့် စက်ပစ္စည်းမျိုးတီထွင်ဖို့လည်း လိုအပ်ပါတယ်။

 

#Source: SCMP
#Yangon_Media_Group