#World_Politics
Published 10 October 2022

 

ထိုင်ဝမ်နဲ့ တရုတ်တို့ကြား စစ်ပွဲဖြစ်စရာလုံးဝမလိုအပ်ဘူးလို့ ထိုင်ဝမ်သမ္မတ'ဆိုင်အင်ဝမ်'က တနင်္လာနေ့က ဆိုပါတယ်။
သူမက တရုတ်နဲ့ ဆွေးနွေးပြောဆိုသွားဖို့ ဆန္ဒရှိကြောင်း အကြိမ်ကြိမ်ပြောကြားထားသလို အဆင့်မြင့်ဒုံးကျည်များဖြင့် ထိုင်ဝမ်ကျွန်းရဲ့ကာကွယ်ရေးကိုလည်း အားကောင်းအောင်ပြုလုပ်သွားဖို့ ကတိပြုလိုက်ပါတယ်။

 

ဒီမိုကရေစီနည်းလမ်းနဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို တရုတ်က သူတို့အပိုင်နယ်မြေလို့ဆိုလိုက်ကာ တရုတ်ရဲ့ စစ်ရေးရော နိုင်ငံရေးဖိအားများပါ သက်ရောက်နေပါတယ်။
အထူးသဖြင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ'နန်စီပယ်လိုစီ' ထိုင်ဝမ်ကို လာရောက်ပြီးနောက် တရုတ်က စစ်ရေးလေ့ကျင့်မှုများပါ ပြုလုပ်လာပါတယ်။

 

ထိုင်ဝမ်ပဋိပက္ခက အမေရိကန်၊ ဂျပန်နဲ့ ကမ္ဘာနေရာအနှံ့အပြားပါ ပါဝင်လာတဲ့အထိဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးပြိုလဲသွားနိုင်ပါတယ်။
အထူးသဖြင့် ထိုင်ဝမ်ဟာ စမတ်ဖုန်းများ၊ တက်ဘလက်များကနေ ဂျက်လေယာဉ်များမှာအထိ အသုံးပြုတဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အဓိကထုတ်လုပ်နေသူဖြစ်ပါတယ်။

 

'ဆိုင်အင်ဝမ်'က သမ္မတရုံးအပြင်ဘက်မှာ အမျိုးသားနေ့မိန့်ခွန်းပြောကြားရာမှာ ထိုင်ဝမ်ရေလက်ကြားနဲ့ ဒေသတွင်းရှိ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တရုတ်ကအရှိန်မြှင့်ခြိမ်းခြောက်လာခြင်းအတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

 

ထိုင်ဝမ်ပြည်သူများရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေးဆိုင်ရာ ကတိကဝတ်များမှာ တရုတ်အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်ဘူးလို့ ပြောကြားခဲ့ပါတယ်။

 

"ကျွန်မတို့နှစ်နိုင်ငံစလုံးအနေနဲ့ လက်နက်ကိုင်ပြီး ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာအောင် မရွေးချယ်သင့်ဘူးလို့ တရုတ်အာဏာပိုင်များကို ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်၊ ထိုင်ဝမ်ပြည်သူများအတွက် အချုပ်အခြာအာဏာ၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်များဖြင့်သာ ထိုင်ဝမ်ရေလက်ကြားတလျှောက် အပြန်အလှန်ဆက်ဆံရေးပြန်လည်စတင်ရန် အခြေခံအုတ်မြစ်ဖြစ်လာမှာပါ" လို့ ပြောကြားခဲ့ပါတယ်။

 

တင်းမာမှုများပြေလျော့ရန် ကပ်ရောဂါနောက်ပိုင်း ကျန်းမာရေးနဲ့ လူမျိုးချင်းဖလှယ်ရေးကိစ္စများမှာ တဖြည်းဖြည်းပြန်လည်စတင်သွားရန် အစိုးရအဖွဲ့က မျှော်လင့်ထားပါတယ်။
ကိုယ်ပိုင်စစ်တပ်ဖြင့် ခေတ်မီတဲ့အစီအစဉ်များ အရှိန်မြှင့်လုပ်ဆောင်နေတဲ့ တရုတ်ရဲ့နှောင့်ယှက်မှုကို ဟန့်တားနိုင်လောက်တဲ့ အခြေအနေထိရောက်အောင် ထိုင်ဝမ်ကာကွယ်ရေးကို အဆင့်မြှင့်ထားပါတယ်။

 

ထိုင်ဝမ်က ယင်း၏ကိုယ်ပိုင်ကာကွယ်ရေးအတွက် တာဝန်ရှိကြောင်း ကမ္ဘာကြီးကိုပြသသွားမယ်လို့ 'ဆိုင်'က ဆိုပါတယ်။
ထိုင်ဝမ်အရေးကိစ္စတင်းမာလာခြင်းက စိုးရိမ်ပူပန်မှုများမြင့်တက်လာပြီး ဆားကစ်ပြားထုတ်လုပ်ရေးမှာ စိုးရိမ်လာရပါတယ်။

 

"ကျွန်မရဲ့ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးချင်တာက ထိုင်ဝမ်ကထုတ်လုပ်တဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကိစ္စက မစွန့်စားသင့်တာပါပဲ"

 

Source: Reuters
#Yangon_Media_Group