Published 9 October 2022

အသက်၂၃ နှစ်အရွယ် အင်္ဂလိပ်အမျိုးသားတစ်ဦးဟာ သူ့ဘဝတစ်လျောက်လုံးမှာ ဘယ်မိန်းကလေးကိုမှ မချိန်းတွေ့ဖူးပါဘူး။ သူ့မှာရည်းစားလည်းမရှိပါဘူး။ အဲဒါကြောင့် သူဟာ သူ့ရဲ့မြို့ကလေးအနီးက အဝေးပြေးလမ်းမကြီးပေါ်မှာ ဘီဘုတ်ခ် ကြေညာဆိုင်းဘုတ်ကြီးတစ်ခုကို ငှားပြီး သူ့ကိုယ်သူ ကြေညာလိုက်ပါတော့တယ်။

အက်ဒ်ချက်မင်းဟာ သူ့ရဲ့ဆယ်ကျော်သက်ရွယ်ဘဝ၊ အသက် ၂၀စွန်းစအထိ ရည်းစားကောင်မလေးကို သမားရိုးကျနည်းလမ်းမျိုးစုံနှင့် လူမှုပွဲလမ်းတွေနှင့် ချိန်းဆိုပေးတဲ့ အက်ပလီကေးရှင်းတွေလိုမျိုးနှင့် ရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒါကြောင့် လိဒ်မြို့သား သူဟာ ဒီအချိန်မှာတော့ မတူတဲ့နည်းလမ်းသုံးမှပဲရတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူဟာ M621 အမြန်လမ်းမကြီးအနီးမှာ ကြီးမားတဲ့ ကြေညာဘုတ်ကြီးတစ်ခုကို ငှားလိုက်ပါတယ်။ အဲသလိုလုပ်လိုက်တဲ့အတွက် သူ့ဘဝမှာ တစ်ခါမျှမကြုံစဖူးတဲ့ အောင်မြင်မှုကိုရရှိလိုက်ပါတယ်။ သူ့ဆီကို ရည်းစားဖြစ်နိုင်တဲ့ ကောင်မလေးတွေ အများကြီးဆီက မက်ဆေ့ချ်တွေ ရောက်ရှိလာလို့ဖြစ်ပါတယ်။

“ အနည်းဆုံးရည်စားတစ်ယောက်လောက်တော့ ရှိခဲ့သင့်ပြီဆိုတဲ့ အသက်ကို ကျွန်တော်ရောက်လာပြီ။ ဒါပေမယ့် ၂၃နှစ်လုံးလုံး ကျွန်တော့်မှာ တစ်ယောက်တည်းနေခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော်နှင့် ရည်စားတော်ချင်တဲ့ သူတစ်ဦးဦး ရှာဖို့ ကျွန်တော်အဆင်သင့်ဖြစ်ခဲ့တာပါ” လို့ ချက်မင်းကပြောပါတယ်။

“ ကျွန်တော် ချိန်းတွေတဲ့ ဒိတ်တင်း အက်ပလီကေးရှင်းတွေ သုံးကြည့်သေးတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် အဆင်မပြေဘူးဗျ။ အဲဒါကြောင့် မတူတဲ့နည်းလမ်းနှင့်လုပ်ကြည့်မှရမယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။   ကိုယ်ပိုင် ဘီဘုတ်နှင့်ဆိုရင် လူတွေကိုတွေ့နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော်တွေးမိပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

ကိုယ့်ရဲ့မျက်နှာကြီးကို ဘီဘုတ်ပေါ်တင်ပြီး “ ကျွန်တော်နှင့်ချိန်းတွေ့ပါ” လို့ စာရေးကြေညာရတဲ့အလုပ်အတွက် အတော်သတ္တိကောင်းဖို့တော့လိုပါတယ်။ အထူးသဖြင့် တစ်ခါမှ ချိန်းမတွေ့ဖူးတဲ့သူတွေအတွက်ပိုလိုပါတယ်။ ဒါပေမယ့် အက်ဒ်ရဲ့ကိစ္စမှာတော့ စွန့်စားရကျိုးနပ်သွားတဲ့သဘောရှိပါတယ်။  ဘီဘုတ်တင်လိုက်တဲ့ ပထမဆုံးနေ့မှာပဲ သူနှင့်ချိန်းတွေ့ဖို့ စိတ်ဝင်စားတဲ့ အမျိူးသမီးတစ်ဦးဆီက ပထမဆုံးမက်ဆေ့ချ်ကို သူရရှိလိုက်ပါတယ်။

“ ကြော်ငြာဘုတ်တင်တဲ့ ပထမနေ့မှာတင်ပဲ ပထမဆုံးမက်ဆေ့ရပါတယ်။ အဲဒီကတည်းက အသက် ၁၈နှစ်နှင့် ၄၈နှစ်အကြား အမျိုးသမီး တွေဆီက မက်ဆေ့အချို့ ကျွန်တော်ဆက်ပြီးရခဲ့ပါတယ်” လို့ သူက ကာတာစ် သတင်းဌာနကိုပြောပါတယ်။

“ ဒါဟာ ရောသမမွှေတစ်ခုပဲ၊ စိတ်လှုပ်ရှားဖို့တော့ တကယ်ကောင်းတယ်ဗျ။ ပြီးတော့ ဒါဟာ ကျွန်တော့်အတွက် အကောင်းတွေလာတော့မယ်ဆိုတဲ့ သဘောလက္ခဏာပဲ” လို့သူကပြောပါတယ်။

ဘီဘုတ်နှင့် အချစ်ကိုရှာတာ သူ့အရင်မှာလည်းရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်က ဒိတ်တင်း အပလီကေးရှင်းနှင့် အလုပ်မဖြစ်တဲ့ အင်္ဂလိပ်တစ်ယောက်အဲသလိုသုံးခဲ့ပါတယ်။ ၂၀၁၉မှာလည်း ဒီနည်းအတိုင်း ထူးခြားဆန်းကြယ်တဲ့ မာမွန်မီလျံနာတစ်ဦးလုပ်ခဲ့ပါတယ်။၂၀၁၃ခုနှစ်တုန်းက တစ်ခါ အိမ်ထောင်မရှိတဲ့ လုပ်ငန်းရှင်တစ်ဦးက ဘီဘုတ်မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

Source: dailymail.uk

#Ed_Chapman

#Billboard_find_love

#UK