#World_Military
Published 5 October 2022

 

မြောက်ကိုရီးယားက ကြာသပတေးနေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဂျပန်ဘက်သို့ဦးတည်ပြီး ပင်လယ်ထဲသို့ ပစ်ခတ်ခဲ့ပါတယ်။

 

ဒီပစ်လွှတ်မှုဟာ မြောက်ကိုရီးယားမှ လတ်တလောပစ်လွှတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးနဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောကြီး ဒေသတွင်းသို့ပြန်လာခဲ့ပြီးနောက် အခုလို ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

ယခုဒုံးကျည်ပစ်လွှတ်ခြင်းဟာ ၁၂ ရက်အတွင်း ၆ ကြိမ်မြောက်ပစ်လွှတ်တာဖြစ်ပြီး အင်္ဂါနေ့တုန်းကလည်း တာလတ်ပစ်ဒုံးကျည်တစ်စင်းကို ဂျပန်အပေါ်ကနေကျော်ပြီး ပစ်ခတ်ခဲ့တာကြောင့် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ကာ တုံ့ပြန်ခဲ့ကြပါတယ်။

 

"စက်တင်ဘာလကုန်က စတွက်ကြည့်လိုက်ရင် ဒီလောက်အချိန်တိုအတွင်း ၆ ကြိမ်မြောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်၊ ဘယ်လိုမှ သည်းခံနိုင်စရာမရှိပါဘူး" လို့ ဂျပန်ဝန်ကြီးချုပ်'ဖူမီယိုကီရှီဒါ'က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုတွေအကြောင်း ကုလသမဂ္ဂနဲ့တိုင်ပင်ခဲ့တဲ့ အမေရိကန်ကို မြောက်ကိုရီးယားက ရှုတ်ချခဲ့ပြီး ၁ နာရီအကြာမှာပဲ အခုလိုထပ်မံပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတွေက လုံခြုံရေးအရ စမ်းသပ်ခဲ့တာသာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က ဆိုခဲ့ပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘော ကိုရီးယားကျွန်းဆွယ်နားမှာ နေရာချထားတာကို မြောက်ကိုရီးယားက ရှုတ်ချလိုက်ကာ ဒါဟာ တည်ငြိမ်အေးချမ်းရေးကို ပြင်းထန်စွာခြိမ်းခြောက်ရာကျတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

 

ဂျပန်နိုင်ငံအပေါ်ကနေကျော်ပြီး မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ USS Ronald Reagan နဲ့အတူ စစ်သင်္ဘောအဖွဲ့လိုက်ကြီးက ချက်ချင်းနေရာပြန်ယူလာခဲ့တာဖြစ်ပါတယ်။

 

ကြာသပတေးနေ့က ဒုံးကျည်ပစ်လွှတ်မှုကို အမေရိကန်က ရှုတ်ချလိုက်ပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းများကိုချိုးဖောက်ရာကျသလို ဒေသတွင်းအိမ်နီးချင်းတွေနဲ့ နိုင်ငံတကာကိုလည်း ခြိမ်းခြောက်ရာကျတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့လည်း အမေရိကန်က မြောက်ကိုရီးယားနဲ့ သံတမန်ရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တောင်းဆိုထားပါတယ်။

 

နျူကလီးယားလက်နက်များထုတ်လုပ်နေတဲ့ မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံချမှတ်ဖို့အရေးကို ပိတ်ပင်ခဲ့တဲ့ တရုတ်နဲ့ရုရှားတို့အား အမေရိကန်က စွပ်စွဲလိုက်ပါတယ်။

 

တောင်ကိုရီးယားသမ္မတ'ယွန်ဆော့ယောလ်'က 'ကီရှီဒါ'နဲ့ ဖုန်းပြောဆိုခဲ့ရာမှာ အမေရိကန်နဲ့မဟာမိတ်ပူးပေါင်းမှုကို သေချာအောင်ပြုလုပ်ပြီး ဂျပန်နဲ့ပူးပေါင်းသွားမှာဖြစ်ကြောင်း အခိုင်အမာဆိုလိုက်ပါတယ်။

 

ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်နေတဲ့ မြောက်ကိုရီးယားအနေနဲ့ နိုင်ငံတကာမှ ပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်သွားရမယ်လို့ တောင်ကိုရီးယားသမ္မတက သတိပေးလိုက်ပါတယ်။

 

မြောက်ကိုရီးယားဟာ မဆင်မခြင်စမ်းသပ်မှုပြုလုပ်နေတာဖြစ်ပြီး ယခုနှစ်စကတည်းက သူတစ်နိုင်ငံတည်း ရန်ဆောင်တဲ့လုပ်ရပ်တွေ ပြုလုပ်နေတာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group